အပြောင်းအလဲတွေလုပ်လာတဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈နေရာရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AMYOTHAR HLUTAW

ဓာတ်ပုံ ပုံစာ, အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈နေရာရှိပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် နေရာ ဒေသစာရင်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ် ။

အဲဒီ့ ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀နေရာ၊ အမျိူးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နဲ့တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ မြို့နယ်တို့ ဖြစ်တယ်လို့သိရပါတယ်။

ကော်မရှင်က ထုတ်ပြန်လိုက်တဲ့မဲဆန္ဒနယ်တွေထဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် အပြောင်းအလဲ မရှိပေမဲ့ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်တွေမှာတော့ အရင်ရွေးကောက်ပွဲနဲ့ မတူတဲ့ အပြောင်းအလဲတွေ တွေ့ ရပါတယ်။

ပြည်နယ်တိုင်းဒေသကြီးတွေ အတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေကို သတ်မှတ်တဲ့အခါ အကျယ်အဝန်းကို မကြည့်ဘဲ တန်းတူအချိုးကျ ပေးထားတာပါ။ ဒါ့အပြင် ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကနေ ဒုတိယ သမ္မတ တစ်ဦးရွေးချယ်ခွင့်လဲရရှိထားပါတယ်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေကို သတ်မှတ်တဲ့အခါ မြို့နယ်တစ်ခုကို မဲဆန္ဒနယ် တစ်နယ်သတ်မှတ်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်သတ်မှတ်တဲ့အခါ အချိုးကျပုံစံကို လူဦးရေနဲ့ တွက်ချက် သတ်မှတ်လေ့ရှိပါတယ်။

လက်ရှိဥပဒေတွေအရ ပြည်နယ်နဲ့တိုင်း တစ်ခုစီကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ သတ်မှတ်ရ ပါတယ်။အဲဒီလိုသတ်မှတ်တဲ့အခါ လူဦးရေကို အခြေခံပြီးသတ်မှတ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲ နှစ်ခုကိုလေ့လာကြည့်မယ်ဆိုရင် အချို့သော နေရာတွေမှာ လူဦးရေကိုအခြေခံပြီး အမျိုး သားလွှတ်တော်မဲဆန္ဒနယ်ကိုသတ်မှတ်တာရှိသလို အာဏာရပါတီ အားကောင်းတဲ့မြို့နယ်တွေကို အလေး ပေးပြီး သတ်မှတ်တာမျိုးလည်း တွေ့ရတယ်လို့ နိုင်ငံရးပါတီ ခေါင်းဆောင်အချို့က ဆိုပါတယ်။

ဖာပွန် မဲဆန္ဒနယ် ၂၀၁၅

ဓာတ်ပုံ ရင်းမြစ်, Screenshot/ Kayin Regional Goverment

ဓာတ်ပုံ ပုံစာ, ဖာပွန် မဲဆန္ဒနယ် ၂၀၁၅
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် တပ်မတော် တပ်ရင်းတပ်ဖွဲတွေ အခြေစိုက်တဲ့ ကရင်ပြည်နယ်က ဖာပွန်မြို့နယ် တစ်ခုတည်းကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် နှစ်နေရာ သတ်မှတ်ပေးခဲ့ပြီး မြဝတီမြို့ကိုတော့ တစ်နေရာသာ သတ်မှတ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ ဖာပွန်မြို့နယ်က အမျိုးသားလွှတ်တော် နေရာနှစ်ခုစလုံးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက အနိုင်ရခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ဝန်ကြီးဌာနရဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီး ထုတ်ပြန် ထားတဲ့ ကိန်းဂဏန်းအရ ဖာပွန်မြို့နယ်မှာ လူဦးရေ တစ်သိန်း လေးထောင်ကျော် ရှိပြီးမြဝတီ မြို့နယ်မှာ လူဦးရေ နှစ်သိန်း တစ်သောင်းကျော် နေထိုင်တယ်လို့ ဖော်ပြထားပါတယ်။

" အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သတ်မှတ်တဲ့ကိစ္စက ယူအီးစီ ရဲ့လုပ်ပိုင်ခွင့်ဖြစ်တယ်၊ အာဏာရ ပါတီ အားကောင်းတဲ့မြို့နယ်ကို မဲဆန္ဒနယ် ပိုပေးလို့ရတယ်၊ ဖာပွန်မြို့နယ်က ကြံခိုင်ရေးပါတီ အားကောင်းတဲ့မြို့ ဖြစ်လို့ နှစ်နေရာ သတ်မှတ်တာလို့ ယူဆလို့ရတယ်" နိုင်ငံရေး လေ့လာသူတစ်ဦးက ဆိုပါတယ်။

ဒါပေမဲ့လည်း ၂၀၂၀ အတွက် ကရင်ပြည်နယ်မှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သတ်မှတ်တဲ့အခါ ဖာပွန်မြို့ကို မဲဆန္ဒနယ် တစ်နယ်သာ သတ်မှတ်ပြီး မြဝတီမြို့ကို မဲဆန္ဒနယ် နှစ်နယ် သတ်မှတ်ထားတာ ကိုတွေ့ရပါတယ် ။

ကရင်ပြည်နယ်လို့ပဲ ရခိုင်ပြည်နယ်မှာလည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေ အပြောင်းအလဲ နှစ်နေရာ ပြုလုပ် ထားတာကိုတွေ့ရပါတယ်။

နယ်စပ်မြို့မောင်တော

ဓာတ်ပုံ ရင်းမြစ်, KAUNG MRAT NAING

ဓာတ်ပုံ ပုံစာ, နယ်စပ်မြို့ မောင်တော

၂၀၁၀ နဲ့၂၀၁၅ ရွေးကောက်ပွဲတွေမှာ ဘူးသီးတောင်နဲ့မောင်တောမြို့ နှစ်ခုပေါင်း မောင်တောခရိုင်ကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သုံးနေရာ သတ်မှတ်ခဲ့ပါတယ်။

" ၂၀၁၀ တုန်းက ဝှိုက်ကဒ်တွေ မဲပေးလို့ရတော့ မောင်တောခရိုင်က လူများတယ်၊ အဲဒီအတွက် အမျိုးသားလွှတ်တော်မှာ သုံးနေရာပေးတယ်၊ ကြံခိုင်ရေးကနိုင်ခဲ့တယ် ၊ ၂၀၁၅ မှာလဲ အဲဒီအတိုင်းပဲ သတ်မှတ် ခဲ့တယ်၊ ကော်မရှင်က USDP ကော်မရှင်လဲဖြစ်တယ်။ ၂၀၂၀ မှာတော့ လူဦးရေကိုကြည့်လိုက်တယ်၊နည်းသွားပြီလေ။အဲဒီအတွက် မောင်တောခရိုင်ကို တစ်နေရာပဲ ပေးထားတာတွေ့ရတယ်လို " ရသေ့တောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေက ပြောပါတယ်။

အဲဒီလို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သုံးနေရာ သတ်မှတ်ပေးထားတဲ့ မောင်တောခရိုင်ကနေ ကြံခိုင်ရေး ပါတီက တစ်ဦးနဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် နှစ်ဦးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်မှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သုံးနေရာ သတ်မှတ်ပေးလိုက်တဲ့ မောင်တောခရိုင်ကို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်နေရာသာ သတ်မှတ် ပေးလိုက်တဲ့အတွက် ပိုထွက်လာတဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် နှစ်နေရာကို ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ တောင်းပိုင်းကို တစ်နေရာဆီခွဲ ပေးထားတာကို တွေ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပုဏ္ဏာကျွန်းမြို့နယ်ကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နေရာနဲ့ ရသေ့တောင်မြို့နယ်ကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်နေရာ အဖြစ်သတ်မှတ်ပေးထားပါတယ်။ပြီးခဲ့တဲ့ ၂၀၁၀ နဲ့၂၀၁၅ ရွေးကောက်ပွဲမှာတော့ အဲဒီမြို့နယ် နှစ်ခုပေါင်းကိုမှာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် တစ်နေရာသာ သတ်မှတ်ခဲ့တာပါ။

ရခိုင်ပြည်နယ် တောင်းပိုင်းမှာလည်း အရင်က တောင်ကုတ် သံတွဲနဲ့ ဂွမြို့နယ် သုံး ခုပေါင်းကိုမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်ခုသတ်မှတ်ခဲ့တာ။အဲဒီလို သုံး မြို့နယ်ပေါင်းထားတဲ့အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ( ၁၂ ) ကနေ ရခိုင်အမျိုးသားပါတီကကိုယ်စားလှယ်တစ်ဦးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့ပါတယ်။

၂၀၁၅ မဲဆွယ်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Shwe Innthar

ဓာတ်ပုံ ပုံစာ, ၂၀၁၅ မဲဆွယ်ပွဲ

ဒါပေမဲ့လည်း ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တောင်ကုတ်မြို့နယ် တစ်ခုတည်း ကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နေရာနဲ့ သံတွဲနဲ့ဂွမြို့နယ် နှစ်ခုပေါင်းကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နေရာ သတ်မှတ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကို အခြေခံပြီး သုံးသပ်မယ်ဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်းဟာ ရခိုင်အမျိုးသားပါတီ ANP အားကောင်းတဲ့ဒေသလို့ ဆိုရမှာဖြစ်သလို့ တောင်ပိုင်းဟာလဲ NLD အားကောင်းတဲ့ဒေသလို့ပြောနိုင်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေမှာ အပြောင်းအလဲတွေရှိခဲ့ပေမဲ့ မပြောင်းလဲတဲ့ပြည်နယ်တွေလဲရှိပါတယ်။

" ကြီးကြီးမားမား အပြောင်းအလဲလုပ်တာတွေတော့ ဒီကယားပြည်နယ်မှာ မရှိပါဘူး ၊တခြား ပြည်နယ်တွေမှာတော့ မြို့နယ်က များတယ်လေ၊ အမျိုးသားလွှတ်တော်က ၁၂ ယောက်ပဲရတယ်ဆိုတော့ အချို့ဟာတွေက ၂ ယောက်ပေးလိုက် ၊အဲဒါမျိုးကစားတဲ့ဟာတွေလဲရှိနိုင်တာပေါ့လို့" ကယားပြည်နယ် ဒီမိုက ရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ခူးသဲရယ်က သုံးသပ်ပြောဆိုပါတယ်။

ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၅ ရွေးကောက်ပွဲ

အာဏာရပါတီက ဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်နယ်တွေအတွတ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သတ်မှတ်ချက်ဟာ လူဦးရေကိုအခြေခံပြီးသတ်မှတ်တယ်လို ဆိုနိုင်ပေမဲ့ တိုင်းဒေသကြီးတွေအတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သတ်မှတ်တဲ့ အခါ လူဦးရေ အနည်း အများကို အခြေမခံတာကိုလဲတွေ့ရပါတယ်။

မြို့နယ် ၂၆ မြို့ရှိတဲ့ ဧရာဝတီတိုင်းဒေသကြီးကို လေ့လာကြည့်မယ်ဆိုရင် လူဦးရေအများဆုံးမြို့မှာ ပုသိမ်မြို့ဖြစ်ပြီး ဒုတိယအများဆုံးမြို့က ဟင်္သာတမြို့၊တတိယအများဆုံးမြို့က ဘိုကလေးနဲ့စတုတ္တ အများဆုံး မြို့မှာ မြောင်းမြမြို့ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ၂၀၂၀ ရွေးကောက်ပွဲအတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သတ်မှတ်တဲ့အခါ မြောင်းမြို့နယ် တစ်ခုတည်းကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နယ် သတ်မှတ်ပေးထားပါတယ်။မြောင်းမြထက် လူဦး များတဲ့ ပုသိမ် ဟင်္သာတ ဘိုးကလေးမြို့တွေကိုတော့ တခြားသောမြို့နယ်တစ်ခုနဲ့ပေါင်းပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်ခုအဖြစ်သတ်မှတ်ပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလဲ မြောင်းမြမြို့နယ် တစ်ခုတည်းကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နယ် သတ်မှတ်ပေးထားတာပါ။

အမျိုးသားလွှတ်တော်

ဓာတ်ပုံ ရင်းမြစ်, AMYOTHAR HlUTAW

ဓာတ်ပုံ ပုံစာ, အမျိုးသားလွှတ်တော်

" ၂၀၁၅ တုန်းက ငွေကြေးအင်အားတောင့်တင်းတဲ့ ဦးတင့်ဆန်းနဲ့ဦးခင်ရီတို့မြောင်းမြကပြိုင်တော့ သူတို့နိုင် မယ်ထင်လို့ တစ်မြို့ထဲကို တစ်နယ်ထဲသတ်မှတ်တာထင်တယ်၊အခုလဲ ဒီအစိုးရလက်ထက်မှာ တံတားတစ်စင်း ဆောက်တယ် ၊သူနာပြုသင်တန်းကျောင်းလည်း ဖွင့်ပေးထားတယ်ဆိုတာ့ မြောင်းမြဟာ NLD အတွက် အားကောင်းနိုင်မယ်လို့ယူဆလိုထင်တယ်" လို့မြောင်းမြမြို့ခံနိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ် ပြောဆိုပါတယ်။

ဧရာဝတီတိုင်းလို့ပဲ မန္တလေးတိုင်းဒေသကြီးထဲက အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေမှာလဲ ၂၀၁၀ နဲ့၂၀၁၅ ခုနှစ်က သတ်မှတ်ချက်တွေနဲ့မတူပဲ မဲဆန္ဒနယ် အပြောင်းအလဲလုပ်ထားတာတွေရှိပါတယ်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်ခုလုံးကို ကြည့်ပါက မဲဆန္ဒနယ်ပေါင်း ၁၆၈ နယ်ရှိတဲ့အတွက် ကိုယ်စားလှယ် လောင်း ၁၆၈ ဦးကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်၊လက်ရှိဖွဲ့စည်းပုံအရ အမျိုးသား လွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်များကနေ ဒုတိယ သမ္မတတစ်ဦးရွေးချယ်ခွင့်လဲရှိပါတယ်။

ဒါအပြင် အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် စုစုပေါင်းရဲ့ အရေအတွက်ဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းကျော် ရှိတဲ့ အတွက် သမ္မတရွေးချယ်ရေးမှာလည်း အရေးပါတာကို တွေ့ရပါတယ်။

လူဦးရေ အကျယ်အဝန်းကို အခြေမခံဘဲ ပြည်နယ်တိုင်း တစ်ခုဆီကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နယ်စီ ညီတူမျှတူ ပေးထားတဲ့အတွက် တိုင်းဒေသကြီးတွေလောက် လူဦးရေမများတဲ့ ပြည်နယ်တွေရဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေဟာ အကြိတ်အနယ်ရှိလေ့ရှိပါတယ်။

ဥပမာ တစ်မြို့တည်းကို အမျိုးသားလွှတ်တော် နှစ်နေရာရတဲ့ ကယားပြည်နယ်က ဖရူဆို၊ဖားဆောင်း၊ဒီမောဆို၊ ဘော်လခဲ တို့လို မဲဆန္ဒနယ်နေရာတွေ ရှိပါတယ်။ ၂၀၁၅ ကတော့ အာဏာရပါတီဖက် ကသေချာကပြင်ဆင်ပြီး ပြိုင်လေ့ရှိတယ်လို့လည်း ကယားပြည်နယ်က နိုင်ငံရေးလေ့လာသူတစ်ဦးကပြောပါတယ်။

ဒါကြောင့် လက်ရှိရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်သတ်မှတ်လိုက်တဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေ ထဲက တိုင်းရင်းသားဒေသတွေမှာ လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ အကြိတ်အနယ်ရှိလာဖို့များတယ်လို့ လေ့လာသူတွေကသုံးသပ်ပြောဆိုကြပါတယ်။