မိုင်းယန်းပြည်သူ့စစ်ခေါင်းဆောင်နဲ့ဇနီး နေအိမ်မှာပစ်သတ်ခံရ၊ ၁၀ လနီးပါးရပ်ဆိုင်းထားပြီးတဲ့နောက် ကေအန်ယူအဖွဲ့ အစိုးရနဲ့တရားဝင်ဆွေးနွေးမှုပြန်လည်စတင်အပါအဝင် မနက်ခင်းသတင်းများ

တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ရှောင်အချို့

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ရှောင်အချို့

မိုင်းယန်းပြည်သူ့စစ်ခေါင်းဆောင်နဲ့ ဇနီး နေအိမ်မှာ ပစ်သတ်ခံရ

လားရှိုးမြို့နယ် မိုင်းယန်းကျေးရွာအုပ်စု မန်ကောင်းကျေးရွာက မိုင်းယန်းပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမောင်နဲ့ဇနီးဒေါ်အေးမြတို့ ဟာမနေ့ညက နေအိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက် ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ လားရှိုးမြို့ခံအချို့ထံကသိရပါတယ်။

' ' ကျွန်တော်တို့ အခုပဲ သေဆုံးသွားတဲ့သူတွေရဲ့အလောင်းတွေကို ဆေးရုံကိုသွားပို့ပေးနေတာပါ။ ဖြစ်စဉ် အသေးစိတ်တော့ မသိဘူး''လို့ လားရှိုးမြို့ ပေးသောလက် လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက သြဂုတ် ၂၁ ရက် မနက် ၉နာရီခွဲ ဝန်းကျင်မှာ ပြောပါတယ်။

မိုင်းကောင်းကျေးရွာအုပ်စုမှာရှိတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တို့ဟာ မနေ့ညက ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့တယ်လို့ သတင်းကြားပေမယ့်လည်း တပ်ဘက်က လုံခြုံရေးမပေးနိုင်တဲ့အတွက် ကူညီကယ်ဆယ်ရေး ကိုသွား ရောက်မလုပ်နိုင်ခဲ့ဘူးလို့လည်း လားရှိုးလူငယ်လူမှုကူညီရေး အသင်းက အသင်းသားတစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်ဦး ကပြောပြပါတယ်။

ရှမ်းပြည်နယ်အတွင်း မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့အကြားဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေအတွင်း ဌာနေပြည်သူ့စစ်တွေအနေနဲ့ ပါဝင်ခြင်းမပြုဖို့ သတိပေးစာကိုလည်း ပြီးခဲ့တဲ့ရက်တွေအတွင်းက TNLA AA MNDAA ပူးပေါင်း ညီနောင် မဟာမိတ် ၃ဖွဲ့က သတိပေးထုတ်ပြန်ထားခဲ့ပါတယ်။

၁၀ လနီးပါးရပ်ဆိုင်းထားပြီးတဲ့နောက် ကေအန်ယူအဖွဲ့ အစိုးရနဲ့တရားဝင်ဆွေးနွေးမှုပြန်လည်စတင်

တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရပ်ဆိုင်းထားတဲ့ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူ နဲ့အစိုးရ ကိုယ်စားလှယ်တွေဟာ သြဂုတ် ၂၀ရက်နေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ပထမဆုံးအကြိမ်ပြည်လည် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဆင်မပြေမှုတွေရှိတဲ့အတွက် KNU အနေနဲ့၂၀၁၈ နှစ်ကုန်ပိုင်းကစလို့အစိုး ရနဲ့တရားဝင်ဆွေးနွေးပွဲတွေကိုရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU ကတင်ပြထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နဲ့ ပတ်သက်ပြီးအစိုးရဘက်က သူတို့သဘောထားကို လာရှင်းပြတာဖြစ်တယ်လို့ ကေအန်ယူဘက်က ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အစိုးရဘက်က ရှင်းပြတဲ့လုပ်ငန်းစဉ်တွေထဲမှာတော့ အပစ်အခတ်ရပ်စဲရေးခိုင်မာအောင်လုပ်ဆောင်မဲ့ ကိစ္စ၊၂၁ ရာစုပင်လုံညီလာခံ ကျင်းပရေး ၂၀၂၀ မတိုင်ခင်နဲ့၂၀၂၀ အလွန်အခြေအနေ နဲ့အပစ်ရပ်ထားတဲ့ ဒေသတွေရဲ့ပညာရေး၊ကျန်းမာရေးအပါအဝင်ဖွံ့ဖြိုးရေးလုပ်ငန်းတို့ဖြစ်တယ်လို့အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ KNU ဒုတိယ ဥက္ကဌ ဖဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

မနေ့ကပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပြန်လည်စတင်နိုင်ဖို့အတွက် ဆွေးနွေးတဲ့ ဆွေးနွေးပွဲ ဖြစ် သလိုတိုးတက်မှုများစွာရှိတယ်လို လဲနှစ်ဘက်တာဝန်ရှိသူတွေကဆိုပါတယ်။

ဒါပေမဲ့လည်းကေအန်ယူနဲ့အစိုးရအကြားငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်လည်စတင်နိုင်ဖို့အတွက်ဆွေးနွေးစရာ တွေ ကျန်ရှိနေသေးတယ်လို့လဲဖဒိုစောကွယ်ထူးဝင်းကပြောပါတယ်။

ဆွေးနွေးဖို့ကျန်ရှိနေတဲ့အချက်တွေကို ပြန်လည်းဆွေးနွေးနိုင်ဖို့အတွက် လာမဲ့ စက်တင်ဘာလ ဆန်းမှာ ပြန်လည်တွေ့ဆုံဖို့သဘောတူခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ညှိနှိုင်းနိုင်ခဲ့ရင်တော့ ကေအန်ယူအနေနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြန်လည်ပါဝင်လာ မှာဖြစ်ပြီး ၂၁ ရာစုပင်လုံညီလာခံအစည်း အဝေးတွေလဲ ပြန်လည်စတင်ဖို့လမ်းစပွင့်သွားနိုင်တယ်လို့ လေ့လာသူအချို့ကသုံးသပ်ပြောဆိုပါတယ်။

ဘုန်းတော်ကြီးဂျော့ပဲဟာ ၂၀၂၂ အောက်တိုဘာလမှာ ခံဝန်နဲ့ပြန်လွှတ်မခံရခင်အထိ ထောင်ထဲမှာပဲ နေရတော့မှာဖြစ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘုန်းတော်ကြီးဂျော့ပဲဟာ ၂၀၂၂ အောက်တိုဘာလမှာ ခံဝန်နဲ့ပြန်လွှတ်မခံရခင်အထိ ထောင်ထဲမှာပဲ နေရတော့မှာဖြစ်

ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ပြစ်ဒဏ်ချခံထားရတဲ့ ကတ်သလစ်ဘုန်းတော်ကြီး ဂျော့ပဲ ရဲ့ အယူခံပယ်ချခံရ

သြစတေးလျနိုင်ငံမှာတော့ ကလေးသူငယ်တွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံထားရတဲ့ ကတ်သလစ် ဘုန်းတော်ကြီး ဂျော့ပဲရဲ့ အယူခံ ပယ်ချခံလိုက်ရပါတယ်။

ကတ်သလစ်ဘုန်းတော်ကြီးဂျော့ပဲဟာ ၁၉၉၀ ပြည့်နှစ်တွေတုန်းက မဲဘုန်းမြို့က ဘုရား ကျောင်းတစ်ခုထဲ ယောကျ်ားလေး ၂ ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ ပြစ်မှုထင်ရှားလို့ ပြီးခဲ့တဲ့ မတ်လမှာ ထောင်ဒဏ် ၆ နှစ် ချမျတ်ခံခဲ့ရတာပါ။

ဘုန်းတော်ကြီးကတော့ ဒီဆုံးဖြတ်ချက်ဟာ မမျှတဘူးဆိုပြီး အယူခံရုံးတက်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရတာပါ။ ဗာတီကန်နန်းတော်ရဲ့ဘဏ္ဍာထိန်းလုပ်ခဲ့ဖူးသူ အသက် ၇၈ နှစ်အရွယ် ဘုန်းတော်ကြီး ဂျော့ပဲဟာ အခုတော့ ၂၀၂၂ အောက်တိုဘာလမှာ ခံဝန်နဲ့ ပြန်လွှတ်မခံရခင်အထိ ထောင်ထဲမှာပဲ နေရ တော့မှာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့အနီးကပ်အကြံပေးတွေထဲက တစ်ဦးဖြစ်တဲ့ ဘုန်းတော်ကြီး ဂျော့ပဲရဲ့ပြစ်မှုထင်ရှားမှု ကြောင့် ကတ်သလစ် ကျောင်းတော်တစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။