မြန်မာနိုင်ငံ အနှံအပြားမှာ အပူရှိန်မြင့်မားလို့ ရေခန်းခြောက်ပြီး ရေများပြတ်လပ် အပါအဝင် မနက်ခင်းသိသင့်တဲ့ သတင်းများ

အပူချိန်အမြင့်ဆုံးဖြစ်နေတဲ့ ချောက်မြို့မှာ နေ့လယ်ဘက်ရေမချိုးကြဖို့ သတိပေးထား

ဓာတ်ပုံ ရင်းမြစ်, NAY NAING

ဓာတ်ပုံ ပုံစာ,

အပူချိန်အမြင့်ဆုံးဖြစ်နေတဲ့ ချောက်မြို့မှာ နေ့လယ်ဘက်ရေမချိုးကြဖို့ သတိပေးထား

(၁) မြန်မာနိုင်ငံ အနှံ့အပြားမှာ အပူရှိန်မြင့်မားလို့ ရေများပြတ်လပ်

မတ်လကုန် ဧပြီလဆန်းကစလို့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတစ်ချို့ရဲ့ နေ့အပူချိန်တွေဟာ မြင့်မားနေတဲ့အတွက် မြန်မာနိုင်ငံ အနှံ့အပြားမှာ ရေပြတ်လပ်တာတွေ ရေခန်းခြောက်တာတွေ တွေ့ကြုံနေရပါတယ်။

မွန်ပြည်နယ် ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်က မြို့နယ် တစ်ချို့တို့မှာ နေ့အပူချိန်တွေဟာ အရင်နှစ်တွေထက် စံချိန်သစ်တင်တဲ့ အထိ ပိုမိုပူပြင်းလာပါတယ်။ တချို့နေရာတွေမှာ အပူရှိန် ၄၀ ဒီဂရီအထိ မြင့်တက်နေပါတယ်။

ဒီလိုပူပြင်းမှုတွေကြောင့် အရင်က ရေမခန်းဖူးတဲ့ ကန်တွေဟာ ရေခန်းခြောက်သွားခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ထဲက ကျေးရွာတစ်ချို့မှာ ဖြစ်ပွားနေပုံကို ဒေသခံ တစ်ဦးဖြစ်တဲ့ ကိုအောင်ကိုလတ်က ဘီဘီစီကို ပြောပါတယ်။

ကန်ရေကို အဓိကထား အသုံးပြုရတဲ့ ကျေးရွာတွေမှာ အရင်နှစ်တွေကလဲ ရေခန်းသွားတာရှိခဲ့ပေမယ့် မေလမှာပဲ အဲဒီလို အဖြစ်တွေ ကြုံတွေ့ရလေ့ရှိတာပါ။

ဒီလို ရေပြတ်လပ်တာကြောင့် တစ်ချို့ဒေသတွေကို ပရဟိတအဖွဲ့တွေက ရေသယ်ကားတွေနဲ့ လိုက်လံ ရေပို့ဆောင်ပေးနေတာတွေရှိနေတယ်လို့မန္တလေးတိုင်းဒေသကြီးနွားထိုးကြီးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ သစ်တောတွေဟာ ပြုန်းတီးသွားတဲ့အတွက် ရာသီဥတု ဖောက်ပြန်တာတွေ အပူရှိန်လွန်ကဲတာတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုဆိုးလာနေပါတယ်။

သီရိလင်္ကာနိုင်ငံမှာ တနင်္ဂနွေနေ့ အီစတာပွဲတော် ဗုံးခွဲ တိုက်ခိုက်မှုအတွင်း လူ ၂၀၀ ကျော်သေဆုံးခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

သီရိလင်္ကာနိုင်ငံမှာ တနင်္ဂနွေနေ့ အီစတာပွဲတော် ဗုံးခွဲ တိုက်ခိုက်မှုအတွင်း လူ ၂၀၀ ကျော်သေဆုံးခဲ့

(၂) သီရိလင်္ကာအီစတာပွဲတော် ဗုံးပေါက်ကွဲ သေဆုံးမှုထဲမှာ နိုင်ငံခြားသားများပါဝင်

သီရိလင်္ကာနိုင်ငံမှာ တနင်္ဂနွေနေ့ အီစတာပွဲတော် ကျင်းပချိန်မှာ ဘုရားကျောင်းနဲ့ ဇိမ်ခံဟိုတယ်တွေမှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှုအတွင်း လူ ၂၀၀ ကျော်သေဆုံးခဲ့ပါတယ်။ အဲဒီသေဆုံးမှုတွေထဲမှာ နိုင်ငံခြားသား ၃၅ ဦးပါဝင်ခဲ့ပါတယ်။

ဒီလို ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အစောပိုင်းက သတင်းတွေ ရခဲ့ပေမဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ ဘာကြောင့် အရေးတယူ မလုပ်ဆောင်နိုင်ခဲ့သလဲ ဆိုတာကို စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်တယ်လို့ သီရိလင်္ကာဝန်ကြီးချုပ် ရာနေး ရီခရက် မဆင်းဂါး (Ranil Wickremesinghe ) ကဆိုပါတယ်။

ဝန်ကြီးချုပ်ရာနေးကတော့ ဒီသတင်းကိုတော့ သူရော သူ့အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရော တစ်ယောက်မှ သိရှိခဲ့ခြင်း မရှိဘူးလို့ ရုပ်သံမိန့်ခွန်းမှာ ပြောခဲ့တာပါ။

ဒါပေမဲ့လည်း လက်ရှိ အလေးထား လုပ်ဆောင်ရမှာက တိုက်ခိုက်မှုတွေကို လုပ်ဖို့ ကြံစည်ခဲ့သူတွေကို ဖမ်းမိရေးဖြစ်တယ်လို့ သူက ဆိုပါတယ်။ အခုလက်ရှိမှာတော့ ဖမ်းဆီးမှုတွေ ၁၃ ခုအထိ လုပ်ထားပေမဲ့ ဘယ်အဖွဲ့ကမှ ဒီတိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်တွေ ဖြစ်တယ်ဆိုတာကို မပြောထားသေးပါဘူး။

ဒီတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄၅၀ ဒဏ်ရာရခဲ့ပါတယ်။

(၃) ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား မနေ့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သလို အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

မြောက်ဦးမြို့အနီးက ဘောင်ဒွတ်ရွာမှာ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်သံ ကြားနေရတဲ့အတွက် မြောက်ဦးမြို့ပေါ်က လူထုက စိုးရိမ်မှုတွေဖြစ်နေပါတယ်။

ဧပြီ ၂၁ ရက်နေ့က ဖြစ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် အေအေတို့ကြား တိုက်ပွဲဖြစ်တဲ့ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဥယျာဉ်သာ ကျေးရွာအနားက တိုက်ပွဲမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆင်သေရွာက ကိုယ်ဝန်ဆောင် မွတ်ဆလင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ နွားရုံတောင်ကျေးရွာက ရွာဒေသခံတစ်ဦးက ဆိုပါတယ်။

ဒဏ်ရာရသူကို ဘူးသီးတောင်ဆေးရုံကို တင်ပို့ထားရပါတယ်။

အလားတူ မြောက်ဦးမြို့နားက တပ်ရင်း ၃၇၇၊ ၃၇၈ တို့နဲ့ နီးကပ်နေတဲ့ ဘောင်ဒွတ်ရွာဘက်ကလည်း ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ဥက္ကဋ္ဌ ဦးစောဖြူသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲတွေက တစ်နေ့ထက် တစ်နေ့ ပိုမို များပြားလာသလို လက်နက်ကြီး လက်နယ်ငယ် ကျည်ဆံထိမှန်ပြီး ဒဏ်ရာ ရသူတွေ၊ နှစ်ဖက် ကျဆုံးသူ အရေအတွက်တွေ၊ စစ်ဘေးရှောင် ဒုက္ခသည်တွေကလည်း တစ်နေ့ထက် တစ်နေ့ ပိုမို များပြားလာတယ်လို့ ဒေသခံတွေက ပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ ဟာသသရုပ်ဆောင်မင်းသား ဗိုဗာဒီမေယာ ဇလန်းစကီး မဲအပြတ်အသတ်နဲ့ အနိုင်ရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ယူကရိန်းနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ ဟာသသရုပ်ဆောင်မင်းသား ဗိုဗာဒီမေယာ ဇလန်းစကီး မဲအပြတ်အသတ်နဲ့ အနိုင်ရ

(၄) ယူကရိန်းနိုင်ငံမှာ ဟာသသရုပ်ဆောင် သမ္မတအဖြစ်အနိုင်ရ

ယူကရိန်းနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေထဲက ဟာသသရုပ်ဆောင်မင်းသား ဗိုဗာဒီမေယာ ဇလန်းစကီး ကတော့ အခုချိန်မှာ မဲအပြတ်အသတ်နဲ့ အနိုင်ရသွားပါပြီ။

မဲရလဒ် အပြည့်အစုံ မရသေးပေမဲ့ သူ့ပြိုင်ဘက် လက်ရှိတာဝန်ထမ်းဆောင်တဲ့ သမ္မတ ပတ်ထရို ပေါ်ရိုရှန်ကိုကတော့ ရွေးကောက်ပွဲမှာ မစ္စတာ ဇလန်းစကီးက မဲစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းနီးပါး နိုင်ပြီဆိုတာကို လက်ခံထားပါတယ်။

သမ္မတ ပေါ်ရိုရှန်ကို ကတော့ နောက်လမှာ ရာထူးကနေ နုတ်ထွက်မှာ ဖြစ်ပေမဲ့ ယူကရိန်းနိုင်ငံရေးလောက ကနေတော့ ထွက်ခွာဦးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မစ္စတာဇလန်းစကီးကတော့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ အပစ်အခတ် ရပ်စဲလိုတယ်လို့ သူ့ရဲ့ ပထမဆုံး မှတ်ချက်စကားတွေထဲ ထည့်သွင်းပြောဆိုထားပါတယ်။

ယူကရိန်းအရှေ့ပိုင်းက ပဋိပက္ခနဲ့ပတ်သက်ပြီး ရုရှားနဲ့သာမက နိုင်ငံတကာမဟာမိတ်တွေနဲ့လည်း ညှိနှိုင်းဆွေးနွေးတာတွေ ပြန်လုပ်မယ်လို့ မစ္စတာ Zelensky က ပြောထားပါတယ်။