အိုင်စီစီ ရဲ့ မြန်မာအပေါ် စွပ်စွဲချက်မှာ ဗိုလ်မှူးကြီး အဆင့်အထက် ကွင်းဆက်တွေ ပေါ်လာနိုင်

ရခိုင်မြောက်ပိုင်းက စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေ အပေါ် ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့တယ်လို့ စွပ်စွဲခံရ
ဓာတ်ပုံ ပုံစာ, ရခိုင်မြောက်ပိုင်းက စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေ အပေါ် ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့တယ်လို့ စွပ်စွဲခံရ

မြန်မာစစ်သားနှစ်ဦး အိုင်စီစီ ရာဇဝတ် တရားရုံးမှာ သက်သေထွက်ရင် ဒီအမှုနဲ့ဆက်စပ်ပြီး အမိန့်ပေးတဲ့ အထက် အရာရှိတွေနဲ့ပတ်သက်တဲ့ ကွင်းဆက်တွေ ဆက်တွေပေါ်လာနိုင်တယ်လို့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ဖြစ်စဉ်တွေကို အဆက်မပြတ်လေ့လာနေတဲ့ လူ့အခွင့်အရေးရှေ့နေ၊ ဖက်ဒရယ် ဥပဒေ အကယ်ဒမီ ကျောင်းအုပ်ကြီး ဦးအောင်ထူးက ဘီဘီစီကို ပြောပါတယ် ။

တပ်မတော်က ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြစ်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးက ပြင်ဆင်နေချိန်မှာ တပ်မတော်ကနေ ထွက်ပြေးလာသူဆို တပ်သား မျိုးဝင်းထွန်းနဲ့ တပ်သား ဇော်နိုင်ထွန်းတို့ နှစ်ယောက် နယ်သာလန်နိုင်ငံ The Hague မြို့မှာ ရောက်နေကြပြီး သူတို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေကို သက်သေထွက်ဆိုဖွယ်ရှိတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ Fortifiy Rights အဖွဲ့ အပါအဝင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါ တယ်။

"အမိန့်ပေးခြင်းအရ တာဝန်ရှိမှု အရ ဗိုလ်မှူးကြီး အဆင့်ကနေ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်မှူးကြီး အထိ ရောက်သွားနိုင်တယ်..." လို့လည်း ဦးအောင်ထူးက ပြောပါတယ်။

အိုင်စီစီ တရားရုံးမှာ ရိုဟင်ဂျာ အမှု ထွက်ဆိုဖွယ် ရှိတဲ့ စစ်သား နှစ်ယောက်ဟာ ရက္ခိုင့်တပ်တော် အေအေက ဖမ်းသွားတဲ့ သူတို့ရဲ့ တပ်သားတွေ ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ် ။

ဒါပေမဲ့ ဒီစစ်သည်တွေရဲ့ ပြောကြားချက်တွေမှာ ခြိမ်းခြောက်ခံရပြီး ပြောတဲ့ပြောကြားချက်တွေရှိပြီး သူတို့ရဲ့ဗီဒီယိုဖိုင်တွေ ထွက်လာကတည်းက မြေပြင်စုံစမ်းမူတွေ ပြုလုပ်ခဲ့ပြီး ကွဲလွဲချက်တွေ ရှိကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ကွဲလွဲချက်တွေ ရှိကြောင်း တပ်မတော်ဘက် ကပြော
ဓာတ်ပုံ ပုံစာ, ကွဲလွဲချက်တွေ ရှိကြောင်း တပ်မတော်ဘက် ကပြော

အခုဒီစစ်သားတွေရဲ့ ထွက်ဆိုချက်တွေကို ကြည့်ရင်သူတို့ဟာ ဒီအမှုတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့အပြင် ရိုဟင်ဂျာတွေကို သတ်ပြီးမြှုပ်ထားတဲ့ နေရာတွေကို အတိအကျ ဖော်ပြတာ တွေ့ရသလို ဘယ်သူ အမိန့်ပေးတာကိုလည်း အတိအကျ ဖော်ထုတ်ထားတာ တွေ့ရတယ်လို့လည်း ဦးအောင်ထူးက ပြောပါတယ်။

ဗိုလ်မှူးကြီး သန်းထိုက်၊ ဗိုလ်ကြီး ထွန်းထွန်း၊ တပ်ကြပ် အောင်ဆန်းဦး ဆိုပြီး သူတို့က အထက်အရာရှိအဖြစ် ဒီဖြစ်စဥ်မှာ အမိန့်ပေးတယ် ဆိုပြီး ထွက်ဆိုတာ တွေ့ရကြောင်း ဦးအောင်ထူးက ပြောပါတယ်။

သူတို့ရဲ့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်လို့ အိုင်စီစီက မျက်မြင်သက်သေဖြစ်တဲ့ ရွာသားတွေကို ဆက်လက်စုံစမ်းနိုင်သလို ပတ်ဝန်းကျင် သက်သေခံအဖြစ် သူတို့ပြောတဲ့ တပ်မတော် တပ်ရင်းတွေဟာ အဲဒီနေရာမှာ တကယ်လှုပ်ရှားခဲ့သလား၊ ဘာတွေ လှုပ်ရှားခဲ့သလဲ၊ ဘယ်လောက် အင်အားနဲ့ လှုပ်ရှားသလဲဆိုတာတွေကို ဆက်လက် စုံစမ်းမှုတွေ လုပ်နိုင်ကြောင်းလည်း ဦးအောင်ထူးက ပြောပါတယ် ။

အဲဒီ သက်သေတွေဟာ စစ်သားတွေရဲ့ ထွက်ဆိုချက်နဲ့ ကိုက်ညီမယ်ဆိုရင် အရေးကြီးတဲ့ သက်သေ ထွက်ဆိုချက်တွေ ဖြစ်လာနိုင်တယ် လို့လည်းသူက ရှင်းပြပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းမှုတွေ လုပ်ခဲ့တာကြောင့် လူသိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းမှုတွေ လုပ်ခဲ့တာကြောင့် လူသိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတယ်လို့ ဆို

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို စုံစမ်းစစ်ဆေးဖို့ အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ၂၀၁၉ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

မြန်မာ အစိုးရဘက်ကတော့ မြန်မာက အိုင်စီစီရဲ့ အဖွဲ့ဝင်နိုင် မဟုတ်သလို အိုင်စီစီအနေနဲ့ မြန်မာနိုင်ငံအပေါ် စုံစမ်းမှု ပြုလုပ်ခြင်းဟာ နိုင်ငံတကာ ဥပဒေနဲ့မညီဘူးလို့ တုံ့ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အတင်းအကျပ် ပြောင်းရွှေ့စေတာတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ကိစ္စရပ်တွေကို ကနဦး စစ်ဆေးမှုတွေ လုပ်မယ်လို့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ)က ၂၀၁၈ တုန်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာက အိုင်စီစီရဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမဲ့ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တယ် ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် တရားရုံးက စီရင်ပိုင်ခွင့် ရှိတယ်လို့ အိုင်စီစီက ပြောဆိုခဲ့ပါတယ်။

အိုင်စီစီက အမှုလိုက် အရာရှိ Fatou Bensouda

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, အိုင်စီစီက အမှုလိုက် အရာရှိ Fatou Bensouda
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လက်ရှိ အိုင်စီစီက မြန်မာတပ်မတော် ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်စဥ်မှာ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ကိစ္စရပ်တွေကို ကနဦး စစ်ဆေးမှုတွေ လုပ်မယ် လို့ပြောထားတာဖြစ်ပြီး အမှုအတွက် တရားစွဲ အရာရှိကို တာဝန်ပေးထားတယ်လို့လည်း အမှုရဲ့ အခြေအနေကို ဦးအောင်ထူးက ပြောပါတယ်။

သက်သေတွေ လုံလောက်ပြီ ပြည့်စုံပြီ ဆိုရင်တော့ အဲဒီအရာရှိက တရားရုံးကို တင်လိမ့်မယ်၊ စစ်သားနှစ်ယောက်က တရားရုံးတင်မယ့် သက်သေ အစိတ်အပိုင်းဖြစ်တယ်လို့လည်း ဦးအောင်ထူးက ပြောပါတယ်။

ဒီစစ်သားတွေဟာ နိုင်ငံတကာ ရာဇဝတ် တရားရုံးမှာ တရားစွဲတဲ့ သက်သေတွေ ဖြစ်တဲ့ အတွက် သူတို့ဟာကိုယ်တိုင် ပါဝင်ကျူးလွန်ခဲ့ပေမဲ့ သူတို့ကိုတော့ အရေးမယူနိုင်ဘူးလို့လည်း ဦးအောင်ထူးက ပြောပါတယ်။

"ဒီအခြေအနေမှာ တရားရုံးနဲ့ ပူးပေါင်းမလား ကျူးလွန်သူများနဲ့ ပူးပေါင်းမလား ဆိုတာ စဥ်းစားရမယ့်ကာလ ဖြစ်ပါတယ်။ နောက်တစ်ပိုင်းကလည်း ပြစ်မှု မကျူးလွန်ဘဲနဲ့ တာဝန်ယူနေရတဲ့ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများလည်း ရှိနိုင်ပါတယ်၊ သူတို့လည်း စဥ်းစားသင့်ပါတယ် ၊ သူတို့ သတင်းအချက်အလက် တွေဖော်ထုတ်ပြီး သက်သေခံတွေ ဖော်ထုတ်တဲ့နည်းလမ်းနဲ့ ဖော်လာမယ် ဆိုရင်တော့ ဒီအမှု အခင်းကြီးက ကွင်းလုံးကျွတ်ပေါ်လာနိုင်ပါတယ်"လို့လည်း ဦးအောင်ထူးက ပြောပါတယ်။

ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အစိုးရက ဖွဲ့စည်းထားတဲ့ လွတ်လပ်သောစုံစမ်းရေးကော်မရှင် (ICOE) ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေအတိုင်း စုံစမ်းစစ်ဆေးနေပြီး၊ စုံစမ်းစစ်ဆေးရမယ့် နေရာတွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ ပါနေတာကြောင့် စုံစမ်းမှုကို လတ်တောလော ချင့်ချိန်လုပ်ကိုင်နေရတယ်လို့လည် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ် ။

စစ်သည်တွေရဲ့ အခုပြောဆိုချက်တွေထဲမှာ လိမ်ညာပြောဆိုတာတွေ ပါနေပြီး ဒါနဲ့ပတ်သက်လို့ လတ်တောလော ထုတ်မပြောသေးဘူးလို့ လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။