ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ အဖမ်းမခံရဘဲ အိမ်တော်တွေမှာပဲ ဆက်ရှိနေ

ဦးတီခွန်မြတ်နဲ့ ဦးဟင်နရီဗန်ထီးယူတို့ဟာ မူလတာဝန်တွေကို ဆက်လက်ယူထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဦးတီခွန်မြတ် (ယာ)နဲ့ ၂၀၁၈ ဆွာချောင်းရေလှောင်တမံ စစ်ဆေးတုန်းက တွေ့ရတဲ့ ဦးဟင်နရီဗန်ထီးယူနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြီးနောက် သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အဖမ်းခံရပေမယ့် သမ္မတအိမ်တော်ရဲ့ အိမ်နီးချင်းတချို့ကတော့ အဖမ်းမခံခဲ့ရပါဘူး။

သမ္မတအိမ်တော်အနီးမှာ ဒုတိယ သမ္မတနှစ်ဦးရဲ့အိမ်တော် နဲ့ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦးရဲ့ အိမ်တော်တွေရှိနေတာပါ။

ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲပေးခဲ့တဲ့သူအဖြစ် စစ်တပ်က အာဏာသိမ်းပြီးပြီးချင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယသမ္မတ(၂)ဖြစ်တဲ့ ဦးဟင်နရီဗန်ထီးယူ နဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ အဖမ်းမခံခဲ့ရတာကတော့ လူသိနည်းတဲ့ ကိစ္စတွေဖြစ်ပါတယ်။

ဦးဟင်နရီဗန်ထီးယူ နဲ့ ဦးတီခွန်မြတ်တို့ကို ဖမ်းဆီးမထားဘဲ သူတို့နေအိမ်တွေမှာ ရှိနေတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို အတည်ပြုပါတယ်။

၂၀၂၀ မတ်လတုန်းက ပြည်ထောင်စုလွှတ်တော်မှာ တွေ့ရတဲ့ ဦးတီခွန်မြတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၀ မတ်လတုန်းက ပြည်ထောင်စုလွှတ်တော်မှာ တွေ့ရတဲ့ ဦးတီခွန်မြတ်

ဦးတီခွန်မြတ် တာ၀န်ယူထားဆဲ၊ ရုံးတက်ဆဲ

'ဦးတီခွန်မြတ်ဆို ရုံးပုံမှန်တက်နေတယ်' လို့ သူ့မိတ်ဆွေတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

ကြံ့ခိုင်ရေးပါတီလူဟောင်း ဦးတီခွန်မြတ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လွှတ်တော်မှာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာလို့ လွှတ်တော်မှာ ပါတီနှစ်ခုကြား ကြားညပ်ခဲ့ပါတယ်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေဦးဆောင်ပြီး စွပ်စွဲပြစ်တင်ဖို့အထိ ကြိုးစားခဲ့ပေမယ့် NLD အမတ်တွေမဲများလို့ မအောင်မြင်ခဲ့ရတာပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါကြောင့် တပ်မတော်ကအာဏာသိမ်းတော့ ဦးတီခွန်မြတ်အဖမ်းမခံရတာဟာ စိတ်ဝင်စားစရာ ကိစ္စ တစ်ခုဖြစ်လာပါတယ်။

အခုလိုအဖမ်းမခံရတာဟာ ရွေးကောက်ပွဲထပ်မဝင်တော့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကြောင့် လို့ အငြိမ်းစား တပ်မတော်အရာရှိကြီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

'အစပိုင်းက တပ်က ဦးတီ ကို အတော်စိတ်ဆိုးပေမယ့်လို့ သူကရုပ်သေးဥက္ကဋ္ဌ ဆိုတာ သိသွားတော့ သူသက်သာသွားတာ။ ရွေးကောက်ပွဲလည်း ထပ်မဝင်တော့ သံသယရှင်းသွားတာပေါ့' လို့ သူကပြောပါတယ်။

ရွေးကောက်ပွဲမဝင်ဖြစ်တော့လို့ သူ့ရဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သက်တမ်းဟာ ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်မှာ ကုန်ဆုံးမှာဖြစ်လို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအိမ်တော်ကနေပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။

ဦးတီခွန်မြတ်ဟာ အစိုးရအိမ်တော်ကနေ နေပြည်တော်က သူ့နေအိမ်ကိုတောင်ပြောင်းရွှေ့နေပြီလို့ သူ့မိတ်ဆွေတွေက ပြောပါတယ်။

ဒါပေမယ့် အာဏာသိမ်းလိုက်လို့ ဖေဖော်ဝါရီ ၁ ရက်မှာ ပြည်သူ့လွှတ်တော်မခေါ်ဖြစ်လိုက်တဲ့အတွက် သူဟာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ အိမ်တော်ကိုပြန်လာပြီး ဆက်နေခွင့်ရသွားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟာ နောက်တစ်ကြိမ်လွှတ်တော်သက်တမ်းအစည်းအဝေးတွေ ပြန်မစခင်အထိ တာဝန်ထမ်းဆောင်ရမယ်လို့ ပြဋ္ဌာန်းချက်ရှိလို့ ဦးတီခွန်မြတ်ဟာ ဥက္ကဋ္ဌ အဖြစ်ဆက်ရှိနေတာလည်း ဖြစ်ပါတယ်။

'သူ့ကို ခေါ်စစ်တာတော့ရှိတယ်။ ဒါပေမယ့် အဖမ်းမခံရဘူး။ ပြန်လွှတ်ပေးလိုက်တယ်' လို့ ဦးတီခွန်မြတ်ရဲ့ မိတ်ဆွေက ပြောပါတယ်။

ဦးတီခွန်မြတ်ဟာ အလုပ်သင်ရှေ့နေဘဝကနေ ရှေ့နေချုပ်ရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင် အဖွဲ့ဝင်အထိပါဝင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အထိ ဖြစ်လာခဲ့သူမို့ ဥပဒေကို နားလည်သူတစ်ယောက်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုပါတယ်။

အလားတူ တပ်မတော်အောက်မှာ ကွတ်ခိုင်ပြည်သူ့စစ်ခေါင်းဆောင်လုပ်ခဲ့ပြီး ပြည်ခိုင်ဖြိုးအမာခံဖြစ်ပြီးကာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လွှတ်တော်မှာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာလို့ လိမ္မာပါးနပ်သူတစ်ယောက်လို့လည်း မှတ်ချက်ပြုခံရပါတယ်။

၂၀၂၀ သြဂုတ်လတုန်းက နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံမှာ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၀ သြဂုတ်လတုန်းက နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မြင်တွေ့ရတဲ့ ဦးဗန်ထီးယူ

ဦးဗန်ထီးယူလည်း အဖမ်းမခံရ

ဒုတိယသမ္မတ (၂) ဖြစ်တဲ့ ဦးဟင်နရီဗန်ထီးယူလည်း အဖမ်းမခံရဘဲ သူ့အိမ်တော်မှာပဲ ရှိနေပါတယ်။

'အကျယ်ချုပ်ထားတာ မဟုတ်ဘူး' လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပါတယ်။

ဒါပေမဲ့ ဦးဟင်နရီဗန်ထီးယူက ဦးတီခွန်မြတ်လို ရုံးမတက်ဘဲ အိမ်တော်မှာပဲ ရှိနေတယ်လို့ သူနဲ့နီးစပ်သူတွေကပြောပါတယ်။

ဒါဟာ သမ္မတရုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး လို့ပြောင်းလဲ လိုက်ပြီး အရေးပေါ်ကာလမှာ တပ်ချုပ်ကပဲ အာဏာရယူထားလို့ ဒုသမ္မတဟာ ရုံးမတက်ရဘဲ အိမ်မှာသာ နေနေရတာဖြစ်ပါတယ်။

'အကျယ်ချုပ်နဲ့တော့ မထူးလှပါဘူး။ အိမ်တော်တွေက နဂိုကတည်းက လုံခြုံရေးအပြည့်ပဲဟာ။ ဒါပေမဲ့ အဆောင်အယောင်နဲ့ လစာတော့ ဆက်ရှိနေတာပေါ့' လို့ အိမ်တော်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဦးဗန်ထီးယူကတော့ ရွေးကောက်ပွဲနိုင်ခဲ့ပေမယ့် ဒုသမ္မတထပ်ဖြစ်ဖို့ မသေချာခဲ့တဲ့သူတစ်ဦးပါ။ ဒါပေမယ့် အခုနိုင်ငံရေးအပြောင်းအလဲမှာ သူ့ကို ဒုတိယသမ္မတအဖြစ် စစ်ကောင်စီက ဆက်သတ်မှတ်ထားတာ တွေ့ရပါတယ်။

ပုဒ်မ ၄၂၄ နဲ့ ကာလုံ

ဦးဗန်ထီးယူ နဲ့ ဦးတီခွန်မြတ် တို့ကို ရာထူးတွေမှာ ဆက်ရှိနေစေတာက အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်ပုဒ်မ ၄၂၄ ကြောင့်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဒီပုဒ်မမှာ သမ္မတ၊ ဒုတိယသမ္မတ(၂)ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့ဟာ ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်ဆုံးပေမဲ့လည်း သမ္မတအသစ်နဲ့ ဒုတိယသမ္မတအသစ်တွေနဲ့ လွှတ်တော်ဥက္ကဋ္ဌအသစ်တွေ ရွေးချယ်တင်မြှောက်ပြီးတဲ့အထိ ဆက်လက်တည်ရှိတယ် လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

စစ်တပ်က ထုတ်ပြန်တဲ့ အာဏာလွှဲပြောင်းတဲ့အခမ်းအနားမှာတော့ ဒုသမ္မတ ၁ ဦးမြင့်ဆွေကိုပဲ တွေ့ရပြီး ဦးဟင်နရီဗန်ထီးယူကို မတွေ့ခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, DSINFO.ORG

ဓာတ်ပုံ ပုံစာ, စစ်တပ်က ထုတ်ပြန်တဲ့ အာဏာလွှဲပြောင်းတဲ့အခမ်းအနားမှာတော့ ဒုသမ္မတ ၁ ဦးမြင့်ဆွေကိုပဲ တွေ့ရပြီး ဦးဟင်နရီဗန်ထီးယူကို မတွေ့ခဲ့ရ

'တပ်ချုပ်က အခြေခံဥပဒေကို သူလိုက်နာတယ်ဆိုတာပြချင်လို့ ဒီလူတွေကို ဆက်ထားတာ' လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

ဒါ့အပြင် အရေးပေါ်ကာလပြဋ္ဌာန်းချက် အချိန်ပြည့်ရင် တပ်ချုပ်ဟာ သမ္မတဆီကို အာဏာပြန်အပ်ရမှာဖြစ်ပြီး သက်တမ်းဆက်တိုးရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက တိုးပေးရတာဖြစ်ပါတယ်။

ဦးဗန်ထီးယူ နဲ့ ဦးတီခွန်မြတ်တို့ နှစ်ဦးစလုံးဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဝင်တွေလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်ခင်းက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ပြီး အ‌ရေးပေါ်အခြေအနေကြေညာတဲ့အခါ သမ္မတဦးဝင်းမြင့်၊ ဒုသမ္မတဦးဗန်ထီးယူ၊ ဦးတီခွန်မြတ်နဲ့ မန်းဝင်းခိုင်သန်းတို့ကို မတွေ့ရဘဲ ဒုသမ္မတ(၁) ဦးမြင့်ဆွေ နဲ့ တပ်မတော်ခေါင်းဆောင်တွေကိုပဲ တွေ့ရပါတယ်။

ဦးမြင့်ဆွေကလည်း အာဏာသိမ်းပြီးနောက်တစ်ရက် ကျင်းပတဲ့အစည်းအဝေးမှာပဲ တွေ့လိုက်ရပြီးတဲ့နောက် လူမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

အာဏာသိမ်းပြီး ခုနစ်လကျော်ထဲရောက်မှ ဦးဗန်ထီးယူ နဲ့ ဦးတီခွန်မြတ်တို့ အဖမ်းမခံရဘူးဆိုတဲ့သတင်းက လူသိရှင်ကြားဖြစ်လာတာပါ။

နိုင်ငံတစ်ဝန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းနဲ့ ပါတီဝင်တွေ အဖမ်းခံနေရတဲ့အချိန် NLD အစိုးရရဲ့ ထိပ်ပိုင်းရာထူးပေးခဲ့သူ နှစ်ဦးအဖမ်းမခံရတဲ့အပေါ် သူတို့ရဲ့ရပ်တည်မှုကို မေးခွန်းထုတ်ကြသလို ဘဝင်မကျသူတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ သူတို့နှစ်ဦးဟာ NLD ငယ်မွေးခြံပေါက်တွေမဟုတ်တာ မေ့မထားဖို့လိုတယ်လို့ နိုင်ငံရေးအကဲခတ်တချို့က ထောက်ပြပါတယ်။

ဦးတီခွန်မြတ်ဟာ ကြံ့ခိုင်ရေးလူဟောင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့ပေမယ့်လို့ NLD ပါတီထဲမဝင်ခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဦးဗန်ထီးယူကလည်း ၂၀၁၅ ရွေးကောက်ပွဲကျမှ ပါတီဝင်လာတဲ့ အငြိမ်းစားတပ်မတော်အရာရှိဖြစ်ပါတယ်။

အာဏာပြန်လွှဲပေးဖို့ သူတို့ကို ဆက်ထားတာဆိုပေမယ့် မြန်မာ့နိုင်ငံရေးက လောလောဆယ်မှာ ဘာမှကြိုပြောလို့ မရနိုင်ဘူးလို့ ဦးရဲထွန်းက ပြောပါတယ်။