ရခိုင်ပြည်နယ်မှာ တပ်မတော်ရင်ဆိုင်ရမယ့် နောက်ထပ်စိန်ခေါ်မှုအသစ်

  • စောရန်နိုင်
  • ဘီဘီစီမြန်မာပိုင်း
ရက္ခိုင့်တပ်မတော်တပ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, Arakan Army

ဓာတ်ပုံ ပုံစာ,

ရက္ခိုင့်တပ်မတော်တပ်ဖွဲ့

မြန်မာအစိုးရတပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာ နောက်ထပ်စိန်ခေါ်မှုအသစ်တခုကိုရင်ဆိုင်နေရပါပြီ။ ဒီတခါတော့ လက်ချိုးရေလို့ရတဲ့ အာဆာအဖွဲ့လိုမဟုတ်ပဲ လက်နက်အင်အားလူအင်အားတောင့်တင်းတဲ့ ရက္ခိုင့်တပ်မတော် အေအေ အဖွဲ့ပဲ ဖြစ်ပါတယ်။ ရက္ခိုင့်တပ်မတော်ဟာ တပ်အင်အား ၅၀၀၀ လောက်ရှိတယ်လို့ နီးစပ်သူသတင်းအရင်းအမြစ်ကဆိုပါတယ်။

ရက္ခိုင့်တပ်မတော်ဟာ အရင်က ကချင်ပြည်နယ်နဲ့ တရုတ်မြန်မာနယ်စပ်မှာပဲ အခြေပြုပြီး စစ်ဖက်မဟာမိတ်ဖြစ်တဲ့ ကချင်၊ ၀ နဲ့ ကိုးကန့်တို့တပ်ဖွဲ့နဲ့အတူ စစ်ရေးလှုပ်ရှားမှုတွေ ဆင်နွှဲခဲ့ရတာပါ။ တခါတလေ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်နယ်စပ်နဲ့ ရခိုင်ပြည်နယ်မြောင်ပိုင်းတွေမှာ တပ်တွေစေလွှတ်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆင်နွှဲလေ့ရှိပါတယ်။ အရင်က တပ်အင်အား ရာဂဏန်းသာလောက်ရှိတဲ့ ရက္ခိုင့်တပ်မတော်ဟာ အခုဆိုရင် တပ်ဖွဲ့ဝင်တွေ ထောင်နဲ့ချီဖြစ်နေပြီး ဆက်လက်ကြီးထွားလာနေတယ်လို့ တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရာတော်တော်များများမှာ အခြေကုပ်တပ်စခန်းတွေချဲ့ထွင်ဖို့ ကြိုးစားလာတဲ့ ရက္ခိုင့်တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တပ်မတော်က စိုးရိမ်နေလို့ ဒီဇင်ဘာလအစောပိုင်းကစပြီး ရက္ခိုင့်တပ်မတော်တပ်ဖွဲ့ကို အကြီးအကျယ်ထိုးစစ်ဆင်နေပါတယ်။ ဒီဇင်ဘာလ အစောပိုင်းကစပြီး တိုက်ပွဲပေါင်း ၄၀ ကျော်ဖြစ်ပွားခဲ့ပြီး ဒေသခံရွာသားတွေရာနဲ့ချီထွက်ပြေးပုန်းရှောင်နေရပါတယ်။ တိုက်ပွဲတွင်မှာ တပ်မတော်က ရဟတ်ယာဉ်တွေလည်း အသုံးပြုတယ်လို့ ရက္ခိုင့်တပ်မတော်သတင်းရပ်ကွက်က ဆိုပါတယ်။

ရက္ခိုင့်တပ်မတော်ဟာ မြန်မာပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်တဲ့ဒေသတွေမှာ အခြေချပြီး စစ်သင်တန်း၊ လက်နက်နဲ့ ငွေကြေးထောက်ပံ့မှုတွေကို မဟာမိတ်ဆီက ရယူခဲ့တာပါ။

ဒါပေမဲ့ ရက္ခိုင့်တပ်မတော်ဟာ အခုဆိုရင် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသတော်တော်များများမှာ တပ်စခန်းတွေတည်ဆောက်ပြီး စစ်ရေးလှုပ်ရှားမှုအားကောင်းလာနေပါပြီ။ အစိုးရတပ်မတော်နဲ့လည်း နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်နေပါတယ်။

ရက္ခိုင့်တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကတော့ တပ်မတော်က သဲသဲမဲမဲ တိုက်ခိုက်လာလို့ တိုက်ပွဲတွေဖြစ်နေရတယ်လို့ ဆိုပါတယ်။ တပ်မတော်က တိုင်းရင်းသားတပ်ဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းဖို့ အစီအစဉ်ရှိတဲ့အတွက် အခုလိုအကြီးအကျယ် ထိုးစစ်ဆင်နေတယ်လို့ သူကဆိုပါတယ်။

ရက္ခိုင့်တပ်မတော်တပ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ရက္ခိုင့်တပ်မတော်တပ်ဖွဲ့

စိတ်ဝင်စားစရာကောင်းတာက အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့ ရခိုင်လူထု၊ အထူးသဖြင့် ရခိုင်လူငယ်တွေဟာ ရက္ခိုင့်တပ်မတော်ကို လက်ခံလာကြပြီး ရက္ခိုင့်တပ်မတော်ရဲ့ လှုပ်ရှားမှုကို ထောက်ခံလာကြတယ်လို့ နိုင်ငံရေးလ့လာသုံးသပ်သူတွေက ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရခိုင်လူထုတွေက ရက္ခိုင့်တပ်မတော်ကို မျှော်လင့်ချက်လို့မြင်လာကြတယ် ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်းများစွာ ဒုက္ခသုခ၊ ဆင်းရဲတွင်းမှာနေရတဲ့ ရခိုင်လူမျိုးတွေဟာ သူတို့အရေးကို အစိုးရကလစ်လျူရှု့တယ်လို့ မြင်လာကြတယ်လို့ထင်ကြောင်း ရန်ကုန်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ကပြောပါတယ်။

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ စီးပွားရေးစီမံကိန်းတွေ အကြီးအကျယ်ရှိနေပေမဲ့ ရခိုင်ပြည်သူတွေအတွက် ဖွံ့ဖြိုးတိုးတက်မှု မယ်မယ်ရရ ဘာမှမလုပ်ပေးဘူးလို့ ရခိုင်ပြည်သူတွေက မြင်လာကြတယ်လို့ သုံးသပ်သူတချို့က ပြောပါတယ်။

အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့ရခိုင်ပြည်သူတချို့ကတော့ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်ကို ဖမ်းဆီးအရေးယူတဲ့အပေါ်မှာ မကျေမနပ်ဖြစ်နေပြီး ရခိုင်နိုင်ငံရေးခေါင်းဆောင်ကို ဖိနှိပ်တယ်လို့ ထင်မြင်ကြကြောင်း ရခိုင်အသိုင်းအဝိုင်းက ပြောပါတယ်။ ဒါ့ကြောင့် အစိုးရကို အယုံအကြည်နည်းလာပြီး အမျိုးသားရေးအတွက်ဆိုရင် ရခိုင့်တပ်မတော်ကို အားကိုးစရာလို မြင်လာကြတယ်လို့ ဆိုပါတယ်။

ဒီမိုကရက်တစ်အစိုးရလက်ထက်မှာတောင် ရခိုင်ပြည်သူတွေ ဘာမှထိထိရောက်ရောက်အကျိုးခံစားခွင့်မရတဲ့အတွက် မိမိအခွင့်အရေးကို ဥပဒေဘောင်ကနေတိုက်လို့မရရင် လက်နက်ကိုင်ပြီးတိုက်မှဖြစ်မယ်ဆိုတဲ့အတွေးအခေါ်တွေ ရခိုင်လူငယ်တွေခေါင်းထဲမှာ ဖြစ်ပေါ်နိုင်တယ်လို့ ဦးမောင်မောင်စိုး က ပြောပါတယ်။ နောက်ပြီး လက်နက်ကိုင်တိုက်မယ်ဆိုရင် ရက္ခိုင့်တပ်မတော်လိုအဖွဲ့ကိုပဲ အားကိုးစရာလို့ မြင်လာကြကြောင်း သူကဆိုပါတယ်။

ဝါရင့်သတင်းထောက်လည်းဖြစ် တိုင်းရင်းသားအရေးကျွမ်းကျင်သူလည်းဖြစ်တဲ့ စာရေးဆရာ ဘာတေးလင်တနာ ကတော့ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့ ရခိုင်လူငယ်တွေဟာ ခြိမ်းခြောက်မှုနှစ်ခုမြင်နေရတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ တဖက်မှာတော့ မြန်မာတပ်မတော်ရဲ့ ဖိနှိပ်မှုပေါ့၊ နောက်တခုကတော့ စစ်သွေးကြွရိုဟင်ဂျာအဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေပဲဖြစ်ပါတယ်လို့ သူကဆိုပါတယ်။

ရက္ခိုင့်တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကတော့ ရခိုင်လူငယ်တွေ ရခိုင့်တပ်မတော်ရဲ့လုပ်ဆောင်ချက်တွေကို ထောက်ခံအားပေးတယ်ဆိုတာ အံ့အားသင့်စရာမဟုတ်ဘူးလို့ ဆိုပါတယ်။

ကျွန်တော်တို့ဟာ ရခိုင်ပြည်သူဆီကပေါက်ဖွားလာတယ်။ ဒါကြောင့် ရခိုင်ပြည်သူတွေဆီက ၁၀၀ ရာခိုင်နှုန်းအပြည့် ထောက်ခံမှုရနေတယ်ဆိုတာ သေချာပါတယ်လို့ ခိုင်သုခ ပြောပါတယ်။

အင်အားကြီးထွားလာတဲ့ ရက္ခိုင့်တပ်မတော်ဟာ တပ်ဖွဲ့ဝင်တွေကို ကျွေးမွေးရတာလည်း ငွေကြေးတောင့်တင်းမှုလည်း လိုအပ်ပါတယ်။ တချိန်က အနည်းငယ်သာရှိတဲ့ ရခိုင်တပ်မတော်တပ်ဖွဲ့ဟာ အခုဆိုရင်ထောင်နဲ့ချီဖြစ်လာပြီးဆိုတော့ ငွေကြေးထောက်ပံ့မှုက ဘယ်လိုဖန်တီးလဲဆိုတာလည်း အများကစိတ်ဝင်စားနေကြပါတယ်။

အရင်က ကချင်လွတ်မြောက်ရေးတပ်မတော်က ငွေးကြေးရရှိခဲ့ပေမဲ့ အခုဆိုရင် ရက္ခိုင့်တပ်မတော်ဟာ ကိုယ့်ဟာကိုယ် ရပ်တည်နေရတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ အဓိက ငွေကြေးထောက်ပံ့မှုကတော့ နိုင်ငံတကာရောက် ရခိုင်လူမျိုးတွေရဲ့ပံ့ပိုးမှုတွေရရှိနေသလို ရက္ခိုင့်တပ်မတော်ရဲ့ ကိုယ်ပိုင်စီးပွားရေးတွေကတဆင့် ငွေကြေးရရှိနိုင်တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

ရက္ခိုင့်တပ်မတော်တပ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, Arakan Army

ဓာတ်ပုံ ပုံစာ,

ရက္ခိုင့်တပ်မတော်တပ်ဖွဲ့

ရခိုင်လူမျိုးရဲ့ ကံကြမ္မာကိုဗမာတွေက ဆုံးဖြတ်တယ်ဆိုတာ မှန်ကန်တဲ့လုပ်ရပ် မဟုတ်ဘူးလို့ ခိုင်သုခ က ပြောပါတယ်။ ဗမာလူမျိုးတွေရဲ့ ကံကြမာကို ဗြိတိန်လူမျိုးက အဆုံးအဖြတ်ပေးမယ်ဆိုရင် ဗမာလူမျိုးက လက်ခံနိုင်စရာရှိလားလို့ ခိုင်သုခ က မေးခွန်းထုတ်ပါတယ်။

ကျွန်တော်တို့တွေ တန်းတူဆက်ဆံခံရရင် ဘယ်တိုင်းရင်းသားမှ ခွဲထွက်ချင်မှာမဟုတ်ဘူးလို့ ခိုင်သုခ က ပြောပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော်က မြန်မာနိုင်ငံမြောက်ပိုင်းမှာ လေးလကြာ အပစ်အခတ်ရပ်စဲရေးကြေငြာလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ကြိုဆိုကြပါတယ်။ ဒါပေမယ့် တချို့ကတော့ သတိနဲ့ ကြိုဆိုကြပါတယ်။ လေ့လာသုံးသပ်သူတချို့ကတော့ ဒီကြေညာချက်ဟာ လူထုဆက်ဆံရေးကောင်းအောင် လုပ်တဲ့ပွဲဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ တကယ်ငြိမ်းချမ်းချင်ရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကြေညာသင့်တယ်လို့ ထောက်ပြကြပါတယ်။

တပ်မတော်အပစ်အခတ်ရပ်စဲတဲ့နေရာတွေမှာ ရခိုင်ပြည်နယ်အတွက် အကျုံးမဝင်တဲ့အတွက် ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်ဖွဲ့တွေအကြား ဆက်ပြီး တိုက်ပွဲဖြစ်နေဦးမှာပဲလို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။