ရခိုင်စစ်ဆင်ရေးကွပ်ကဲသူ ကစထမှူး ပြောင်းလဲ

လိုအပ်ချက်အရ ပြောင်းတာပါ လို့ပြောခွင့်ရသူက ပြောပါတယ်။
ဓာတ်ပုံ ပုံစာ, လိုအပ်ချက်အရ ပြောင်းတာပါ လို့ပြောခွင့်ရသူက ပြောပါတယ်။

ရခိုင်တပ်မတော်နဲ့ မြန်မာတပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားတဲ့ အချိန်ကစလို့ ရခိုင်ပြည်နယ်မှာ ရုံးထိုင်ပြီးစစ်ဆင်ရေးကိုကွပ်ကဲနေသူ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း နေရာကို ပြောင်းလဲလိုက် တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း မတိုင်ခင်က အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ- ၃) တာဝန်ကို ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောက တာဝန်ယူခဲ့ပြီး ၂၀၁၈ ခုနှစ် နှစ်လယ်လောက်ကစလို့ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းက ကစထ-၃ ကစထမှူး တာဝန်ကို လွှဲပြောင်းရယူခဲ့တာပါ။

အဲဒီလိုတာဝန်လွှဲပြောင်းယူပြီးတစ်နှစ်ကျော်အကြာမှာပဲ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းကို တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ဌာနမှူး အဖြစ် ပြောင်းလဲ လိုက်တာလို့လဲ မြန်မာတပ်မတော်နဲ့နီးစပ်သူတွေက ပြောပါတယ်။

ကထစ ၃ ဆိုတာ ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်စတဲ့ စစ်တိုင်းကြီး ၃ တိုင်းကို တာဝန်ယူကြီးကြပ်ရတာဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ မေလလယ်က ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကိုလည်း အပြောင်းအလဲလုပ်ခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းဟာ OTS ကျောင်းဆင်းတစ်ဦးဖြစ်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး တာဝန်ယူခဲ့သူလဲဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ရာထူးပြောင်းလဲသွားတာနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရဲ့ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးဝင်းဇော်ဦးက

"ဟုတ်ပါတယ် လိုအပ် ချက် အရ ပြောင်းတာပါ" လို့လည်း ဘီဘီစီ ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလတွင်း တပ်မတော်က ရခိုင်ပြည်နယ်ကို တာဝန်ယူရတဲ့ စစ်တိုင်းမှူး ၂ ဦးနဲ့ ကစထမ မှူး ၂ ဦးထိ အပြောင်းအလဲလုပ်ခဲ့တာလည်းဖြစ်ပါတယ်။