မြန်မာ့တပ်မတော် ဖမ်းဆီးထားစဉ် သေဆုံးသူတွေ အရေး ခုံရုံးဖွဲ့ စစ်ဆေးမယ်

ရခိုင်စစ်ဘေးကြောင့် တိမ်းရှောင်ကြတဲ့ ဒုက္ခသည်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty

ဓာတ်ပုံ ပုံစာ,

ရခိုင်စစ်ဘေးကြောင့် တိမ်းရှောင်ကြတဲ့ ဒုက္ခသည်တွေ

အေအေ ရက္ခိုင့်တပ်မတော် အဖွဲ့ဝင်တွေလားဆိုပြီး မသင်္ကာမှုနဲ့ မြန်မာ့တပ်မတော်က ဖမ်းဆီးစစ်ဆေးတဲ့ အတွက်ကြောင့် သေဆုံးသွားသူ ရခိုင်အမျိုးသား အရေအတွက်ဟာ စုစုပေါင်း ၁၅ ယောက်ထက် မနည်း ရှိသွားပါပြီ။

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာ၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ၊ ကျောက်တော်မြို့နယ် မင်းသားတောင် ကျေးရွာ၊ မြောက်ဦးမြို့နယ် ဝေသာလီဆုတောင်းပြည့်ဘုရား အနီးတို့မှာ မြန်မာ့တပ်မတော်က ဖမ်းဆီးပြီး စစ်ဆေးမှုတွေ လုပ်စဉ်မှာ သေဆုံးခဲ့တာတွေကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတည်ပြုထားပါတယ်။ အဲသလို သေဆုံးတဲ့သူတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်အောင် ဇူလိုင်လ ၁၂ ရက်နေ့မှာ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပြီး စတင်ဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ကျောက်တန်းရွာမှာ ပစ်ခတ်သေဆုံးမှုနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကို သတင်းသမားတွေက မေးမြန်းရာမှာ ဥပဒေနဲ့ အညီ ဆောင်ရွက်မှု ရှိမရှိ စစ်ဆေးပြီး ဥပဒေနဲ့ မညီရင် အရေးယူမယ်လို့လည်း မေလ ၇ ရက်နေ့မှာ ပြောခဲ့ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေမှာ နစ်နာသူ မိသားစုဝင်တွေဘက်က တိုင်ကြားမှုတွေရှိရင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးမယ်လို့ ဘီဘီစီကို ပြောထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီးကတော့ မြန်မာ့တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်မတော်တို့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်းမှာ နှစ်ဖက်စလုံးကလူ့အခွင့်အရေးချိုးဖောက်မှုတွေရှိပြီး အဲသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှု မြောက်ကောင်းမြောက်နိုင်တယ်လို့ မကြာခင်က သတိပေးခဲ့ပါတယ်။ အဲသလို သတိပေးတဲ့အထဲမှာ မြန်မာ့တပ်မတော်က သံသယနဲ့ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းစဉ်မှာ သေဆုံးမှုတွေကို လူ့အခွင့်အရေးချိုးဖောက်မှု အဖြစ်ထောက်ပြခဲ့ပါတယ်။

အဲဒီ ရခိုင်အမျိုးသားတွေကို ဘယ်အချိန်၊ ဘယ်နေရာတွေမှာ ဘာအကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့ပါသလဲ။ ဘယ်လိုပုံစံမျိုးနဲ့ သေဆုံးခဲ့ကြပါသလဲ။

မင်းပြား သပေါ့စာက လှမောင်ဝင်း

မင်းပြားမြို့နယ်၊ ပန်မြောင်း ကျေးရွာ၊ သပေါ့စာတဲစုက ရွာသား ၆ ဦးဟာ ငှက်ဖျားရောဂါ ဝေဒနာခံစားနေရတဲ့ လူနာ လှမောင်ဝင်းကို မတ်လ ၁၂ ရက်နေ့ ည ၁၀ နာရီအချိန်မှာ မြောက်ဦးဆေးရုံပို့ဖို့ ထွက်ခွာလာခဲ့ပါတယ်။ အဲသလို ထွက်လာစဉ် လမ်းမှာ မြန်မာ့တပ်မတော် စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ဆင်အိုကြီးနဲ့ မြောက်ဦးအကြား ချောင်းသစ်ရွာ အနားမှာ ခမရ ၅၄၀ ကဖမ်းသွားခဲ့တာပါ။ ဖမ်းဆီးသွားတဲ့အချိန်မှာ လှမောင်ဝင်းဟာ ငှက်ဖျားတက်ပြီး သတိမေ့နေတယ်လို့ မိသားစုတွေက ပြောပါတယ်။

မတ်လ ၁၄ ရက်နေ့မနက်မှာတော့ စစ်တပ်က သူ့အလောင်းကိုပဲ မြောက်ဦးဆေးရုံကို လွှဲပေးခဲ့ပါတယ်။

သူ့သားမှာ ဘာမှ အပြစ်မရှိဘဲ အသက်သေဆုံးရတယ်လို့ ဖခင် ဦးကျော်လှသိန်းက ပြောပါတယ်။ ဘယ်အဖွဲ့အစည်းနဲ့မှလည်း အဆက်အစပ်မရှိဘူးလို့ ဆိုပါတယ်။

လှမောင်ဝင်းတို့ မိသားစုဟာ သပေါ့စာတဲစုမှာ သီးနှံစိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်းအလုပ်လုပ်သူ ဖြစ်ပါတယ်။

ရခိုင်လုံခြုံရေး အဖွဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

လက္ကာ ရွာသား ၃ ဦး

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာက ရွာသား ၂၇ ယောက်ကို ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ မြန်မာ့တပ်မတော်က ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းကာစ အချိန်မှာကတည်းက မြန်မာ့ တပ်မတော်က ၂၃ ယောက်ပဲ ဖမ်းဆီးတယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် ကျေးရွာသားတွေကတော့ ၂၇ ယောက်ဖမ်းဆီးသွားတယ်လို့ ဆိုခဲ့ပါတယ်။

အဲဒီနောက် မကြာခင်မှာတော့ ဖမ်းဆီးသူတွေထဲက ၃ ယောက် သေဆုံးသွားခဲ့ကြောင်း တပ်မတော်ဘက်က သတင်း ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူ ၃ ယောက်အနက် အသက် ၂၅ နှစ်အရွယ် ကိုဇော်မျိုးထွန်းဟာ နှလုံးအမောဖောက်သေဆုံးတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

အသက် ၄၂ နှစ်အရွယ် ဦးသိန်းထွန်းစိန်ဟာ သူ့ကိုယ်သူ ကြိုးဆွဲချ သေဆုံးတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အသက် ၄၅ နှစ်အရွယ် ဦးမောင်သန်းနုဟာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် သေဆုံးတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဦးသိန်းထွန်းစိန်ရဲ့ မိသားစုက ကြိုးဆွဲချ သေဆုံးတယ်ဆိုတာကို မယုံကြည်ကြောင်း ပြောပါတယ်။

ဦးမောင်သန်းနုရဲ့ ဇနီးကလည်း ဦးမောင်သန်းနုဟာ မူးယစ်ဆေးမဆိုထားနဲ့ ကွမ်းယာတောင်မစား၊ ဆေးလိပ်တောင် မသောက်ဘူးလို့ ဆိုပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းတွေကို မိသားစုတွေပြန်မရခဲ့ပါဘူး။

မိသားစုတွေရဲ့ သံသယနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးဇော်မင်းထွန်းကို မေးမြန်းရာမှာ တပ်မတော်ဘက်က ညှင်းပန်းနှိပ်စက်မှု မရှိဘူးလို့ ဆိုပါတယ်။

ရခိုင်ဒုက္ခသည်တွေရဲ့ နေရေးထိုင်ရေး

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ရခိုင်ဒုက္ခသည်တွေရဲ့ နေရေးထိုင်ရေး

ကျောက်တန်း ရွာသား ဦး

ရသေ့တောင်မြို့နယ် ကျောက်တန်းရွာက ရွာသား၂၇၅ ယောက်ကို အေအေ ရက္ခိုင့်တပ်မတော်နဲ့ ဆက်စပ်တယ်လို့ သံသယရှိတဲ့ အတွက် တပ်မတော်က ၂၀၁၉ ခု နှစ် ဧပြီလ ၃၀ ရက်နေ့မှာ စာသင်ကျောင်းထဲ ခေါ်ယူ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးခဲ့ပါတယ်။ အဖမ်းဆီးခံရသူတွေဟာ အသက် ၁၅ နှစ်အရွယ်ကနေ အသက် ၅၀ အရွယ်အထိရှိတဲ့ အမျိုးသားတွေ ဖြစ်ကြပါတယ်။

ကျောက်တန်းကျေးရွာသူ တယောက်က ဘီဘီစီကို ပြောရာမှာတော့ အစည်းအဝေး တက်ဖို့ လာရမယ်လို့ အကြောင်းပြပြီး သူတို့ကို ခေါ်ထားခဲ့တာလို့ ဆိုပါတယ်။ နေ့ခင်းမှာ သူတို့ကို နေလှန်းပြီး ညနေပိုင်းမှာ တယောက်ချင်း ခေါ်ရိုက်တယ်လို့လည်း ကျောက်တန်းကျေးရွာသူက ဆိုပါတယ်။

မေလ ၂ ရက်နေ့ မနက် ၂ နာရီထိုးမှာတော့ စာသင်ကျောင်းထဲက ပစ်ခတ်သံတွေကြားရပြီး လူ ၇ ယောက်သေဆုံးခဲ့ပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဘီဘီစီကို ပြောရာမှာတော့ သူတို့ကို ရဲကပဏာမ စစ်ကြောမေးမြန်းမှုတွေ လုပ်ချိန်မှာ ရွာသားတွေက သေနတ်ဝင်လုလို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ မဖြစ်မနေ ပစ်ခတ်လိုက်ရတာလို့ ဆိုပါတယ်။

အပစ်ခတ်ခံရသူတွေထဲက ၆ ဦးဟာ အဲဒီနေ့မှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ပွဲချင်းပြီး သေဆုံးခဲ့သူတွေကတော့ ဦးသံခဲအောင်၊ ဦးဇော်လတ်၊ ဦးမောင်သန်းဦး၊ ဦးခမွီးချေ၊ ဦးထွန်းရွှေဝင်း၊ ဦးမောင်ဝင်း တို့ ဖြစ်ကြပါတယ်။ နောက်ထပ် တခြားသူ ၈ ယောက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၈ ယောက်ကို စစ်တွေဆေးရုံမှာ ဆေးကုသခဲ့ပါတယ်။

ဒဏ်ရာရသူတွေထဲက တယောက်ဖြစ်တဲ့ ကိုအောင်လင်းကျော်ဟာ ဒဏ်ရာ မသက်သာတဲ့ အတွက် ရန်ကုန် မြောက်ဥက္ကလာပ ဆေးရုံကို ရွှေ့ပြောင်းကုသစဉ် ၂၀၁၉ ခု မေလ ၁၄ ရက်နေ့မှာကွယ်လွန်သွားပါတယ်။

ဒဏ်ရာရသူတွေထဲက နောက်တယောက်ဖြစ်တဲ့ ကိုမောင်ဇော်လင်းကတော့ စစ်တွေ ဆေးရုံက ဆင်းသွားပြီးနောက် ဒဏ်ရာ မသက်သာတဲ့ အတွက် ရသေ့တောင်ဆေးရုံမှာ ဒုတိယအကြိမ် တက်ရောက်ပြီး ဆေးကုသစဉ် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ကျောက်တန်းရွာပစ်ခတ်မှုကြောင့် အခုချိန်ထိ သေဆုံးသူ အရေအတွက်ဟာ စုစုပေါင်း ၈ ယောက်ရှိပါပြီ။

ကျောက်တန်းရွာမှာ ပစ်ခတ်သေဆုံးမှုနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကို သတင်းသမားတွေက မေးမြန်းရာမှာ ဥပဒေနဲ့ အညီ ဆောင်ရွက်မှု ရှိမရှိ စစ်ဆေးပြီး ဥပဒေနဲ့ မညီရင် အရေးယူမယ်လို့ မေလ ၇ ရက်နေ့မှာ ပြောခဲ့ပါတယ်။ အခုအချိန်အထိတော့ နောက်ဆက်တွဲ ဘာသတင်းမှ ထပ်မကြားသိရပါဘူး။

ရခိုင်လုံခြုံရေး

ဓာတ်ပုံ ရင်းမြစ်, AFP

မင်းသားတောင်ကျေးရွာက ဦးကျော်လှိုင်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မင်းသားတောင် ကျေးရွာက ကျေးရွာသား ၃ ဦးဟာ မေလ ၂၁ ရက်နေ့က သစ်ခုတ်၊ ဝါးခုတ်သွားရာမှာ အိမ်ကို ပြန်မလာဘဲ ပျောက်ဆုံးခဲ့ပါတယ်။ သူတို့ ၃ ယောက်ကတော့ အသက် ၄၃ နှစ်အရွယ် ဦးကျော်လှိုင်၊ အသက် ၅၄ နှစ်အရွယ် ဦးမောင်မဲ၊ အသက် ၄၆ နှစ်အရွယ် ဦးပြည်သိမ်းအောင်တို့ ဖြစ်ပါတယ်။

သူတို့ကို ကျောက်တော်မြို့နယ် အခြေစိုက် အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၉ က ဖမ်းဆီးသွားကြောင်း မေလ ၂၅ ရက်နေ့ရောက်မှ မိသားစုတွေက သိခဲ့ရပါတယ်။ မေလ ၂၅ ရက်နေ့မှာ စကခ ၉ ကသူတို့ကို ကျောက်တော်မြို့မရဲစခန်းကို လာပို့တော့မှ သိခွင့်ရကြတာပါ။

ရဲစခန်းကို ရောက်ချိန်မှာ သူတို့သုံးဦးဟာ ဒဏ်ရာဒဏ်ချက်တွေ ကိုယ်စီပါလာတဲ့ အတွက် ဆေးရုံတင်ပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။

သုံးဦးအနက် အသက် ၄၃ နှစ်အရွယ်ရှိ ဦးကျော်လှိုင်ဟာ ရဲစခန်းကို လာရောက် အပ်နှံပြီး နောက်တနေ့ မေလ ၂၆ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

မြောက်ဦးမြို့နယ်က လက်သမား ၂ ဦး

မြောက်ဦးမြို့နယ် ဝေသာလီဘုရား ပြုပြင်နေတဲ့ လက်သမား ၅ ဦးကို မြန်မာ့တပ်မတော်က ဇွန်လ ၂၀ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ လက်သမား ၅ ဦးဟာ ဝေသာလီ ဆုတောင်းပြည့်ဘုရားကြီးမှာ အလုပ်လုပ်ပြီး ထမင်းစားဖို့ ဆိုင်ကယ်နဲ့ အိမ်အပြန်မှာ မြန်မာ့တပ်မတော်က လမ်းကတားဆီးပြီး ဖမ်းခေါ်သွားခဲ့တာပါ။

လက်သမား ၅ ယောက်အနက် ဘူးရွက်မညှိုး ရွာက ၂ ယောက်ကို မကြာခင် ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၃ ယောက်ကိုတော့ ဆက်လက်ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။

အဖမ်းဆီးခံရသူတွေထဲက တယောက်ဖြစ်တဲ့ ကိုနေမျိုးထွန်းဟာ ရက်ပိုင်း အတွင်းမှာ အသက်သေဆုံးခဲ့ပါတယ်။

အလောင်းကို ဇွန်လ ၂၄ ရက်နေ့မှာ မြန်မာ့တပ်မတော်က ကျောက်တော်မြို့ဆေးရုံ ပို့ခဲ့ပါတယ်။

ကိုနေမျိုးထွန်း သေဆုံးမှုကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးဇော်မင်းထွန်းက အတည်ပြုခဲ့ပါတယ်။

ကိုနေမျိုးထွန်းဟာ မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာက ဦးမောင်ဘုရဲ့သား ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၂၃ နှစ် ဖြစ်ပါတယ်။

နောက်ထပ် အဖမ်းခံရသူ တယောက်ဖြစ်တဲ့ ကိုဇော်ဝင်းလှိုင်ကတော့ ဇူလိုင်လ ၁ ရက်နေ့က စစ်တွေဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ သူဟာ ရဲအစောင့် အကြပ်နဲ့ ဆေးရုံကို ရောက်လာခဲ့ပါတယ်။ သူ့ကို မေးမြန်းစစ်ဆေးရာမှာ မြန်မာ့တပ်မတော်က ပုဆိုးထဲမှာ ကျောက်ခဲကို ထုပ်ပြီး အဲဒီကျောက်ထုပ်နဲ့ နောက်ကျောကို ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ ကိုဇော်ဝင်းလှိုင် မကွယ်လွန်မီ သူ့မိခင်ကို ပြောခဲ့ကြောင်း မိခင် ဒေါ်သိန်းနုစိန်က ဘီဘီစီကို ပြောပါတယ်။ ကိုဇော်ဝင်းလှိုင်ဟာ ဆေးရုံပေါ်မှာ အကြိမ်ကြိမ်သွေးအန်ပြီး ကွယ်လွန်သွားပါတယ်။ ကိုဇော်ဝင်းလှိုင် အဆုပ်ကွဲသွားခဲ့တယ်လို့ မိခင် ဒေါ်သိန်းနုစိန်က ပြောပါတယ်။ ကိုဇော်ဝင်းလှိုင် ကွယ်လွန်ချိန်မှာ အသက် ၂၈ နှစ်ဖြစ်ပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဘီဘီစီက မေးမြန်းရာမှာတော့ သူအလုပ်များနေတဲ့ အတွက် အဲဒီအဖြစ်အပျက်ကိုမသိဘူးလို့ ပြောပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ပြီး အေအေ ရခိုင့်တပ်မတော် အဖွဲ့နဲ့ ဆက်စပ်တယ်လို့ သံသယရှိသူ အယောက် ၉၀ ဖမ်းဆီးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ အဲဒီအထဲက ၈ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၄၅ ဦးကို အမှုဖွင့်ထားခဲ့ပါတယ်။ ၃ ယောက်ကိုတော့ ပြစ်ဒဏ်ချမှတ်ပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။