မောင်တော တောင်ပိုင်းမှာ မွတ်ဆလင် လှေစီးဒုက္ခသည် ၆၀ ကျော်ဖမ်းမိထား

မွတ်ဆလင် လှေစီးဒုက္ခသည် ၆၃ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးရမိ
ဓာတ်ပုံ ပုံစာ, မွတ်ဆလင် လှေစီးဒုက္ခသည် ၆၃ဦးကို မောင်တော တောင်ပိုင်းမှာ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် ၊မောင်တောမြို့တောင်ပိုင်းမှာ မွတ်ဆလင် လှေစီးဒုက္ခသည် ၆၃ဦးကို နယ်ခြားစောင့်ရဲ တပ်ဖွဲ့က နေ ဇူလိုင် ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးဦးစိုးအောင်က အတည်ပြု ပြောကြားပါတယ်။

' ' မနေ့က မနက်ပိုင်း ၅ နာရီလောက်မှာ မြင်းလွတ်ကင်းစခန်းရှေ့မှာ စက်တပ်လှေတစ်စီးလာတင်တယ်။ လာပြီးရပ်တဲ့အတွက်သွားစစ်တော့ လှေသမား ၄ယောက်တွေ့တယ်။လှေပေါ်ပါတဲ့သူတွေမတွေ့ဘူး။ လိုက်ရှာတော့ အဲဒီနားက ရွာပျက်တွေမှာ ဝင်ပုန်းနေတာ ၆၃ ယောက်တွေ့တယ်။ လှေက ဗိုက်ပေါက်သွား လို့ဝင်ရပ်တာ။''လို့ ဦးစိုးအောင်က ပြောပြပါတယ်။

မောင်တော တောင်ပိုင်း မြင်းလွတ်မြို့ ရဲကင်းစခန်းရှေ့မှာတွေ့ခဲ့ရတဲ့ အဆိုပါ မွတ်ဆလင် လှေစီးဒုက္ခသည် တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ထွက်လာပြီး မလေးရှားကို တရားမဝင်သွားရောက်တဲ့သူ တွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေကခန့်မှန်း ပြောဆိုတာ တွေရှိပေမယ့် ဒီအပေါ်မှာ အတည်ပြုနိုင်ခြင်းတော့ မရှိ သေးပါဘူး။

မောင်တောတောင်ပိုင်း တစ်နေရာ
ဓာတ်ပုံ ပုံစာ, မောင်တောတောင်ပိုင်း တစ်နေရာ

' ' ဖမ်းမိတဲ့သူတွေနဲ့ပတ်သက်ပြီး အခုက နယ်ခြားစောင့်တပ်က စစ်နေတုံးပါပဲ။ အသေးစိတ် အချက် အလက်ကိုတော့ နယ်ခြားစောင့်တပ်ကပဲသိပါလိမ့်မယ်။ ကျွန်တော်တို့ဆီကိုတော့ ကနဦးအချက်အလက်ပဲ သိပါသေးတယ်''လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောပါတယ်။

အခုလို လှေစီးဒုက္ခသည်တွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နိုဝင်ဘာလတုံးကလည်း ရခိုင်ပြည်နယ်ဘက်က စက်လှေနဲ့ခိုးထွက်သူ ၁၀၀ကျော်ကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်အနီးမှာလည်း ဖမ်းမိခဲ့ပါသေးတယ်။

အဲဒီတုံးကဖမ်းမိခဲ့သူတွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာရှိတဲ့ နာဇီရပ်ကွက်က ရောက်လာကြတာ ဖြစ်ပြီး ဒီကနေ မလေးရှားဘက် သွားဖို့ ရောက်လာကြတယ်ဆိုပြီး ကနဦး ထွက်ချက်ပေးတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ က ဘီဘီစီကိုပြောပြခဲ့ပါတယ်။