လက်သည်မပေါ်သေးတဲ့ မဲဆောက်မြို့က KNU ခေါင်းဆောင်ပဒိုမန်းရှာ လုပ်ကြံမှု

  • စောရန်နိုင်
  • ဘီဘီစီမြန်မာပိုင်း
ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူရဲ့ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလန်းဖန်း

ဓာတ်ပုံ ရင်းမြစ်, Phan Foundation

ဓာတ်ပုံ ပုံစာ, ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူရဲ့ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလန်းဖန်း

တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့ဒီနေ့က ချစ်သူများနေ့၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့၊၂၀၀၈ ခုနှစ်ဖြစ်ပါတယ်။ အဲ့ဒီရက်စွဲကြောင့် ပိုပြီးအမှတ်ရစရာ ဖြစ်စေခဲ့ပါတယ်။ အဲ့ဒီနေ့ဟာ ထိုင်းနိုင်ငံမဲဆောက်မြို့မှာ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူရဲ့ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလန်းဖန်း လုပ်ကြံသတ်ဖြတ်ခံရတဲ့နေ့ပဲ ဖြစ်ပါတယ်။

သူဟာ လက်မရွံ့ လူသတ်သမားနှစ်ယောက် လက်ချက်နဲ့ ထိုင်းနိုင်ငံမဲဆောက်မြို့က နေအိမ်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ သွေးအေးအေးနဲ့ အနီးကပ် ပစ်သတ်ခံခဲ့ရတာပါ။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဒီအဖြစ်အပျက်ကို ပြန်တွေးရင် မနေ့တစ်နေ့ကလိုပဲ ခံစားရတယ်လို့ ပဒိုမန်းရှာ လုပ်ကြံခံရတဲ့နေ့က နေအိမ်မှာ အတူရှိခဲ့တဲ့ သားဖြစ်သူ စောစေးစေး က ဘီဘီစီ ကိုပြောပါတယ်။

အဲ့ဒီနေ့က အသီးအနှံတွေအပြည့် ထည့်ထားတဲ့ခြင်း ကိုင်ဆောင်လာသူ လူတစ်ယောက်က သူ့အဖော်တစ်ယောက်နဲ့အတူ ပဒိုမန်းရှာအိမ်ကို လာပါတယ်။ နေ့လည်ထမင်းစားပြီး အနားယူနေတဲ့ ပဒိုမန်းရှာ ရှိတဲ့အိမ်အပေါ်ထပ်ကို တက်လာပြီး "မင်္ဂလာပါ ဦးလေး" လို့ ကရင်စကားနဲ့ နှုတ်ဆက်ပြီး သေနတ်ထုတ်ပြီး ဘယ်ဘက်ရင်အုံကို တစ်ချက်ပစ် လိုက်ပါတယ်။

ထိုင်နေရာ ကုလားထိုင်ပေါ်ကနေ ပဒိုမန်းရှာ ကြမ်းပြင်ကို လဲကျတဲ့အချိန်မှာ နောက်ထပ် သေနတ်သမားတစ်ယောက်ကလည်း ထပ်ပြီး ပစ်ခတ်ခဲ့ပါတယ်။ သွေးအိုင်ထဲမှာ လဲလျောင်းကျနေတဲ့ ပဒိုမန်းရှာဟာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သားဖြစ်သူ စောစေးစေး က ပြောပါတယ်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ဟာ ကရင်လူမျိုးတွေသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်ပရောက် မြန်မာအတိုက်အခံတွေအတွက် ဝမ်းနည်းစရာနေ့တစ်နေ့ ဖြစ်စေခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူအဖွဲ့အစည်းအတွက်လည်း အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ရတယ်လို့ ကေအန်ယူအပါအဝင် တခြားတိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။

"ဒါက ရန်သူတွေရဲ့ လုပ်ကြံမှုပါ။ ဒီအတွက် ကရင်လူမျိုးကို အသုံးချခဲ့တယ်။ ကျွန်တော်တို့ ဒါတွေသိပါတယ်။ ဒါပေမဲ့ ကရင်လူမျိုးအချင်းချင်းမို့လို့ ကျွန်တော်တို့က သူတို့ကို အပြစ်မတင်ပါဘူး။ အမှန်တရားကို သိချင်လို့ ကျွန်တော်တို့ ဖော်ထုတ်ဖို့လိုမယ်။ ဒါပေမဲ့ အပြစ်ပေး အရေးယူတာတွေ မလုပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရန်သူက သူတို့ကိုအသုံးချပြီး ကျွန်တော့်အဖေကို လုပ်ကြံသတ်ဖြတ်ခဲ့တာပါ" လို့ ပဒိုမန်းရှာရဲ့ သားဖြစ်သူ စောစေးစေး က ပြောပါတယ်။

ဒီဆုံးရှုံးမှုဟာ ကရင်လူမျိုးတို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေထဲက တစ်ခုအပါအဝင် ဖြစ်တယ်လို့ ကရင် လက်နက်ကိုင်ခေါင်းဆောင်တွေက ပြောပါတယ်။ ကရင်တော်လှန်ရေးသမိုင်း တစ်လျှောက်မှာ အချင်းချင်းတိုက်ခိုက်မှု၊ အပြန်အလှန် သတ်ဖြတ်မှုတွေ အရင်ကတည်းက ရှိခဲ့တာပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၁၉၉၄-၉၅ ခုနှစ်မှာလည်း ဗုဒ္ဓဘာသာဝင် ကရင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ "ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်" ဆိုတဲ့နာမည်နဲ့ မိခင် ကေအန်ယူအဖွဲ့အစည်းကနေခွဲထွက်ပြီး မြန်မာတပ်မတော်ရဲ့ အကူအညီနဲ့ မိခင်အဖွဲ့ကို စစ်ဆင်ရေးလုပ်ခဲ့တဲ့အတွက် ၁၉၉၅ ခုနှစ်မှာ ကေအန်ယူရဲ့ ဌာနချုပ်ဟောင်းဖြစ်တဲ့ မာနယ်ပလော ကျဆုံးခဲ့တဲ့အဖြစ်အပျက်ရှိခဲ့ပါတယ်။ အဲဒီတုံးကလည်း ကရင်စစ်သားတွေ အချင်းချင်း တိုက်ခိုက် သေကြေခဲ့ရပါတယ်။ ကေအန်ယူ တပ်စခန်းတွေ၊ နယ်မြေတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။

ဒါ့အပြင် ၂၀၀၇ ခုနှစ်တုံးကလည်း နောက်ထပ် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီကလည်း မိခင် ကေအန်ယူအဖွဲ့ ကနေ ခွဲထွက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ကေအန်ယူ တပ်မဟာ ၇ နယ်မြေတွေမှာ ခွဲထွက်အဖွဲ့နဲ့ ကေအန်ယူတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

"ကျွန်တော်တို့ ကရင်လူမျိုးတွေက နိုင်ငံရေးအသိပညာ နိမ့်ကျနေသေးလို့ အခုလို အပြန်အလှန် အချင်းချင်း လုပ်ကြံသတ်ဖြတ်ကြတာ ဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ကရင်လူမျိုး အချင်းချင်း ဒီလို လုပ်ကြံ သတ်ဖြတ်တာက မဖြစ်သင့်ဘူးလို့ ကျွန်တော်မြင်ပါတယ်" လို့ ပဒိုမန်းရှာရဲ့ သားဖြစ်သူ စောစေးစေး က ပြောပါတယ်။

ပဒိုမန်းရှာကို လုပ်ကြံခဲ့သူတွေဟာ ထိုင်းနိုင်ငံသား ပိုင်ဆိုင်တဲ့ ကားတစ်စီးနဲ့အတူ ထိုင်းမြန်မာနယ်စပ်ကတဆင့် မဲဆောက်မြို့ကနေ ထွက်ခွာသွားခဲ့ကြပါတယ်။ ဒီသက်သေ အထောက်အထားတွေ၊ သဲလွန်စတွေ ရှိခဲ့ပေမဲ့ ပဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရမှုဟာ အမေ့ခံလို ဖြစ်ခဲ့ရပါတယ်။ ၁၂ နှစ် ကြာပြီးဖြစ်တဲ့ ဒီလုပ်ကြံသတ်ဖြတ်မှုအတွက် တရားမျှတမှုဟာ အခုချိန်ထိ အရိပ်အယောင် မတွေ့ရသေးဘဲ ဖြစ်နေဆဲပါ။