မောင်တောကို တရားမဝင် ဝင်လာသူတွေကို ထောင်ဒဏ်ချ

နယ်စပ်စည်းရိုးက လုံခြုံရေးအားနည်းတဲ့နေရာတွေကတဆင့် ခိုးဝင်တာတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, YE Aung Thu /AFP

ဓာတ်ပုံ ပုံစာ, နယ်စပ်စည်းရိုးက လုံခြုံရေးအားနည်းတဲ့နေရာတွေကတဆင့် ခိုးဝင်တာတွေရှိနေ

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းကို ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည် စခန်းကနေ ပြန်ဝင်လာတဲ့ သူတွေကို စတင် တရားစွဲ အပြစ်ပေးနေရာမှာ စုစုပေါင်း ၁၁ ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၆ လစီချမှတ်ခဲ့ပါတယ်။

အခု ထောင်ချခံရသူတွေကို မောင်တောမြို့နယ် လဝက ကနေ တရားစွဲဆိုတာ ဖြစ်ပြီး ဇူလိုင်လ ၂ ရက်မှာ အမျိုးသား ၄ ဦး၊ ဇူလိုင်လ ၃ ရက်မှာ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၂ ဦး၊ စုစုပေါင်း ၁၁ ဦးကို အလုပ်နဲ့ ထောင်၆ လစီချမှတ်ခဲ့တာ ဖြစ်ပါတယ်။

တရားစွဲဆိုခံရသူ စုစုပေါင်း ၁၅ ဦးရှိခဲ့ရာမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးနှစ်ဦး၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးစီမံကိန်း UEHRD အစီအစဉ်နဲ့ ဝင်လာသူ နှစ်ဦး ကိုတော့ တရားရုံးက ပြန်လွှတ်ပေးခဲ့တယ်လို့ မောင်တောမြို့နယ် တရားရုံး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီလို တရားစွဲနေတာ မှန်ကန်ကြောင်းနဲ့ တရားမဝင် ပြန်ဝင်လာတဲ့သူက ၈၀ ခန့် ရှိတယ်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေထွန်းက ဘီဘီစီကို ပြောပါတယ်။

ပြန်ဝင်လာသူတွေ အားလုံးဟာ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာဘက်ကနေ ဝင်ရောက်ခွင့် တားမြစ်ထားတဲ့ ဇွန်လ ၁၀ ရက်နောက်ပိုင်းမှာ တရားမဝင် ဝင်လာကြသူတွေ ဖြစ်တဲ့အတွက် တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံခဲ့ကြရတာ ဖြစ်ပါတယ်။

အခု တရားမဝင် ဝင်ရောက်လာသူ ၈၀ ဦး ခန့်ထဲက ၉ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ရပြီး သူတို့ထဲကတချို့ ကွာရန်တင်း ဝင်နေရတာတွေရှိတဲ့ အတွက် နောက်ပိုင်းမှာတော့အားလုံးကို တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မေ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူ အမျိုးသားမှာ ပိုးတွေ့

ဓာတ်ပုံ ရင်းမြစ်, Kaung Mrat Naing

ဓာတ်ပုံ ပုံစာ, မေ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူ အမျိုးသားမှာ ပိုးတွေ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်သွားသူတွေထဲက တချို့ဟာ မြန်မာနိုင်ငံထဲကို တရားမဝင် နည်းလမ်းကနေ ပြန်လည်ဝင်ရောက်တဲ့သူတွေရှိပြီး သူတို့ကို အရေးယူသွားမယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးမြင့်ကြိုင်က ဇွန်လ ၂၅ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

သတ်မှတ်ထားတဲ့နေရာက မဝင်ဘဲ ပင်လယ်ဖြတ်ပြီး လှေနဲ့ခိုးဝင်ကြသလို နယ်စပ်ခြံစည်းရိုးကျော်ပြီး ပြန်လာကြသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ပြန်လာသူတချို့မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။