‘‘ရက္ခိတအိပ်မက်ဆိုတာရှိပေမဲ့ … လူမျိုးပေါင်းစုံ လွတ်မြောက်ရေး၊ တန်းတူမျှတရေး...ငြိမ်းချမ်းဖို့ လိုတယ်’’ - AA စစ်ဦးစီးချုပ်

အေအေ စစ်သင်တန်းဆင်းပွဲမှာတွေ့ရတဲ့ ဗိုလ်ချုပ် ထွန်းမြင့်နိုင်

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

‘‘ရခိုင်အမျိုးသားရေးဆိုင်ရာ ရက္ခိတအိပ်မက် ဆိုတာရှိပေမဲ့ … ရက္ခိတလမ်းစဉ်နဲ့ ဆက်စပ်ပြီးမှ လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ လူမျိုးပေါင်းစုံကြီးငယ်မခွဲခြားဘဲတန်းတူမျှတစွာအခွင့် အရေးတွေရရှိရေး... ငြိမ်းချမ်းဖို့ လိုတယ်’’ လိုတယ်လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဘီဘီစီရဲ့ သီးသန့်ဆက်သွယ်မေးမြန်းချက်မှာ ပြောပါတယ်။

ရက္ခိတအိပ်မက် ပြည့်မြောက်တယ်ဆိုတာ ရခိုင်ရဲ့ သီးသန့် အချုပ်အခြာအာဏာကို ကြေညာလာတဲ့အထိ အဓိပ္ပာယ်သက်ရောက်လား၊ ရက္ခိုင့်တပ်တော် အနေနဲ့ NUG အပေါ် ဘယ်လို သဘောထားလဲ၊တရုတ်က ကြားဝင်လာရင် ရခိုင်ထဲမှာရော တိုက်ပွဲတွေရပ်သွားနိုင်လား စတဲ့အကြောင်းအရာတွေအပေါ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဖြေကြားချက်တွေကို ဒီအင်တာဗျူးအစီအစဥ်မှာဖတ်ရှုနိုင်ပါတယ်။

ဘီဘီစီ - စစ်ကောင်စီကတော့ အာဏာသိမ်းသုံးနှစ်ပြည့်တဲ့အချိန်မှာ နောက်ထပ် သက်တမ်း ၆ လ တိုးလိုက်ပါတယ်။ဆိုတော့ ဗိုလ်ချုပ်အနေနဲ့ ကိုယ့်ရဲ့စစ်မျက်နှာပြင်မှာ မျက်နှာချင်းဆိုင်တွေ့နေတဲ့စစ်ကောင်စီတပ်ရဲ့ စစ်ရေးအင်အား၊ စစ်ကောင်စီရဲ့ နိုင်ငံရေးအခြေအနေပေါ်မှာ ဘယ်လိုသုံးသပ်ထားလဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် - သူ သုံးနှစ်ပြည့်တဲ့အချိန်မှာ သက်တမ်းတိုးတာကတော့ သူ့ရဲ့အလုပ်ကို လုပ်စရာရှိတဲ့အတိုင်း ဆက်လုပ်တာပဲ မြင်ပါတယ်။ သူ့ရဲ့စစ်မြေပြင်အနေအထားနဲ့ နိုင်ငံရေးအခြေအနေတွေကတော့ မြန်မာပြည်သူတစ်ရပ်လုံးအတွက် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်ဖို့ အကောင်းဆုံး အခါအခွင့်လို့ပဲ ကျွန်တော်တို့မြင်ပါတယ်။

ဘီဘီစီ - အခုလက်ရှိ ရခိုင်ထဲမှာ ရက္ခိုင့်တပ်တော် စစ်ရေးဖော်ဆောင်နေတဲ့ အခြေအနေကိုကြည့်ရင် မြောက်ပိုင်းတစ်ခွင်လုံးကိုသာမကဘဲနဲ့ ရမ်းဗြဲ၊ တောင်ကုတ် အစရှိသဖြင့်ပေါ့လေ။ တောင်ပိုင်းနေရာတွေမှာပါ စစ်ရေးဖော်ဆောင်နိုင်စွမ်းရှိတာကို ကျွန်တော်တို့ တွေ့နေရတယ်။ လက်ရှိ ရခိုင်ထဲမှာ ရက္ခိုင့်တပ်တော်အနေနဲ့ ဘယ်လောက်အတိုင်းအတာပမာဏအထိ နယ်မြေဒေသဆိုင်ရာ ထိန်းချုပ်စိုးမိုးထားနိုင်စွမ်း ရှိနေပြီလဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် - တချို့ကိစ္စကတော့ ကျွန်တော်တို့ ဖော်မပြောသေးတာတွေလည်း ရှိပါတယ်။ သို့သော် ကျွန်တော်တို့ စစ်ရေးအရကတော့ ရခိုင်ဒေသတစ်ခုလုံးကို ကျွန်တော်တို့ နဂို သတ်မှတ်ထားတဲ့အတိုင်း ပြီးပြည့်စုံအောင် ထိန်းချုပ်နိုင်ဖို့အတွက် ဆက်လက်ကြိုးစား တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။

ဘီဘီစီ - ရက္ခိုင့်တပ်တော် (AA)နဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)ရဲ့ ရက္ခိတလမ်းစဉ်ဆိုပြီးတော့ ကျွန်တော်တို့ပြောတဲ့အခါတိုင်းမှာ၊ ရက္ခိတအိပ်မက်ကဘာလဲ ဆိုပြီးတော့ အဓိပ္ပာယ် ဖွင့်ကြတဲ့အခါတိုင်းမှာ ရခိုင်မြေကို ရခိုင်တွေကိုယ်တိုင် အုပ်ချုပ်နိုင်ခွင့်ရှိရမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးဖွင့်ကြတယ်ပေါ့။ ဒီနေရာမှာ ရခိုင်မြေကို ရခိုင်တွေကိုယ်တိုင် စီမံအုပ်ချုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်က ULA ကနေ ပြဋ္ဌာန်းအုပ်ချုပ်တယ်။ ပြီးတော့ ဒီရခိုင်မြေမှာ စစ်တပ်အနေနဲ့ AA တစ်ခုပဲရှိမယ်ဆိုတဲ့ အဓိပ္ပာယ် ထိ သက်ရောက်တာမျိုး ရှိလားခင်ဗျ။ အဲဒီလိုမျိုး အဓိပ္ပာယ် ဖွင့်နိုင်လား။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဗိုလ်ချုပ်ထွန်းမြတ်နိုင် - ရခိုင်ပြည် ရခိုင်ဒေသဆိုတာကတော့ နှစ်ထောင်ချီပြီးမှ အချုပ်အခြာအာဏာပိုင် နိုင်ငံတော်တစ်ခု ဖြစ်ပါတယ်။ ဘုရင့်နိုင်ငံတစ်ခု ဖြစ်တယ်။ ကျွန်တော်တို့ ရခိုင်လူမျိုးအားလုံးပေါ့၊ ကျွန်တော်တို့ အဘိုးအဘေးတွေကအစတစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျွန်တော်တို့ရခိုင်လူမျိုးများဟာ ဒီမြေပေါ်မှာ လွတ်မြောက်လိုတယ်၊ လွတ်မြောက်ပြီးမှဂုဏ်သိက္ခာရှိတဲ့ အရင်လိုဘဝမျိုးကို တောင့်တကြတယ်။ ဒါဟာ ရခိုင်လူမျိုးတစ်ယောက်ချင်းစီရဲ့ ရင်ထဲမှာ အနက်ရှိုင်းဆုံးရှိတဲ့ ဆန္ဒလည်း ဖြစ်တယ်။ နိုင်ငံရေးအားဖြင့်ဆိုရင်လည်း ကျွန်တော်တို့ ရခိုင်တစ်ယောက်ချင်းစီရဲ့အလိုလားဆုံးသော နိုင်ငံရေးမျှော်မှန်းချက် ဖြစ်တယ်။ ကျွန်တော်တို့က ရက္ခိတလမ်းစဉ်လို့ ပြောလိုက်ပေမဲ့ ရခိုင်ဒေသမှာ ရခိုင်လူမျိုးတစ်ခုတည်း ဗုဒ္ဓဘာသာတစ်ခုတည်းကို ကိုယ်စားပြုတဲ့ အသုံးအနှုန်းမဟုတ်ဘဲနဲ့ ရခိုင်ဒေသမှာနေထိုင်တဲ့ လူမျိုးမခွဲ ဘာသာမခွဲ လူမျိုးပေါင်းစုံအတွက် လွတ်လပ်တဲ့၊ တရားမျှတတဲ့၊ ကြီးသည်ငယ်သည် မခွဲခြားဘဲနဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်ကို အတူတကွ ဖန်တီးမယ်ဆိုတဲ့ လူမျိုးရေးအမြင်ထက်ကျယ်ပြန့်တဲ့အတွေးအခေါ်နဲ့ ကျွန်တော်တို့ပြောဆိုနေတဲ့ လမ်းစဉ်ကို ဆိုလိုတာဖြစ်ပါတယ်။

ဘီဘီစီ - အဲဒီတော့ ရက္ခိတအိပ်မက်က ဒီတစ်ချီမှာတော့ ပြည့်မြောက်တော့မယ်ဆိုပြီးတော့ ယုံကြည်မှုရှိလား။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် - ကျွန်တော်ကတော့ စကားကို ဆုံးအောင်တော့ မပြောလိုပါဘူး။ သို့သော် အရမ်းအခက်ခဲဆုံး အချိန်မှာတောင်မှ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့တယ်။ ဒီလိုအချိန်မှာဆိုရင် မျှော်လင့်ချက်တွေက ပိုပြီးမှ နီးကပ်တယ်။ အရင်ထက် ပိုပြီးမှ ပီပြင်တယ်။ ကျွန်တော်တို့ စစ်မြေပြင်မှာ ဒုက္ခတွေကို ခါးစည်းခံနေတဲ့ ပြည်သူတွေကိုယ်တိုင်က ငါတို့အိမ်တော့ မီးလောင်သွားပြီ၊ ငါတို့တစ်ရပ်ကွက်လုံးလည်း ရန်သူတွေက မီးရှို့ပစ်လိုက်ပြီ၊ အဲဒါကြောင့် အပစ်မရပ်ဖို့ပဲ လိုတယ်၊ လွတ်မြောက်ရေးရရင် ပြီးပြီ၊ တိုက်စရာရှိတာကို တိုက်ကြပါဆိုတဲ့ စည်းစည်းလုံးလုံးနဲ့ ခွန်အားအပြည့်နဲ့ရပ်တည်နေတဲ့ ကာလဆိုတော့ အရင်နဲ့စာမယ်ဆိုရင် မျှော်လင့်ချက်တွေ အများကြီးရှိတယ်။ကျွန်တော်တို့ကိုယ်တိုင်လည်း အရင်ထက်ပိုပြီးမှ ခွန်အားတွေ စိုက်ပြီးမှ အကောင်းဆုံးကြိုးစားနေတဲ့ အနေအထားဖြစ်ပါတယ်။ ရခိုင်အမျိုးသားတွေအနေနဲ့ အမျိုးသားလွတ်မြောက်မှုတော်လှန်ရေးမှာကျတော့ အောင်မြင်မှုတော်တော်လေး နီးစပ်လာပြီလို့တော့ ပြောလို့ရတယ်။ ဒီတော်လှန်ရေး အောင်မြင်အောင် ဆင်နွှဲပြီးပြီဆိုရင်ကျွန်တော်တို့မှာ တခြားလုပ်စရာရှိတဲ့ အလုပ်တွေပေါ့၊ အများကြီး တစ်ဆင့်ပြီးတစ်ဆင့် တစ်လက်ပြီးတစ်လက်ကမ်းပြီးမှ ကျွန်တော်တို့ ဆက်လက်ပြီး ခရီးဆက်သွားရမှာ ဖြစ်ပါတယ်။ ဒါက ပန်းတိုင်တစ်ခုကိုရောက်ရင် ပြီးပြီဆိုတာထက် မှတ်တိုင်တွေအများကြီးကို တစ်ခုပြီးတစ်ခုဖြတ်ပြီးမှ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာအောင်လျှောက်လှမ်းသွားရမယ့် ခရီးစဉ်ဖြစ်ပါတယ်။

ဘီဘီစီ - တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အင်အားတွေကိုကြည့်မယ်ဆိုရင် ဥပမာ ''ဝ''တပ်ဖွဲ့(UWSA) က အင်မတန်မှ ခိုင်မာတောင့်တင်းတဲ့အထဲမှာ ထိပ်ဆုံးလောက်မှာရှိတယ်ဆိုပြီးတော့ ခန့်မှန်းကြတယ်။ AA အနေနဲ့ရော ကိုယ့်ရဲ့ရက္ခိတအိပ်မက်လမ်းစဉ်ကို အခုလိုမျိုး တော်လှန်ရေးနည်းနာနဲ့ ဖေါ်ဆောင်နေတဲ့အချိန်မှာ အခိုင်မာအတောင့်တင်းဆုံး အခြေအနေ ရောက်နေပြီလား။ ဗိုလ်ချုပ်အနေနဲ့ ဘယ်လောက်အတိုင်းအတာထိ ပြောနိုင်လဲ။စစ်အင်အား လက်နက်အင်အားပေါ့။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် - ကျွန်တော်တို့က စစ်အင်အားလက်နက်အင်အားတွေနဲ့ ပတ်သက်လာရင် သိုသိုသိပ်သိပ်ပဲ ထားလေ့ရှိပါတယ်။ အင်အားကြီးတယ် မကြီးဘူးဆိုတာကလည်း ကျွန်တော်တို့ထက် အင်အားငယ်တဲ့ အဖွဲ့နဲ့စာရင်တော့ကျွန်တော်တို့က အင်အားကြီးတာပေါ့။ ကျွန်တော်တို့ထက် အင်အားကြီးတဲ့လူနဲ့စာရင်တော့ ကျွန်တော်တို့က ငယ်တာပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံအတိုင်းအတာနဲ့ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ အင်အားအတော်အသင့်တော့ရှိတယ်လို့ ပြောလို့ရမှာပါ။ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကာလထိဆိုရင် အင်အား သုံးသောင်းဝန်းကျင်လောက်တော့ ကျွန်တော်တို့ တည်ဆောက်ထားတယ်။ ပြီးမှ ၂၀၂၃ တိုက်ပွဲတွေမစခင် ကျွန်တော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပေါ့ ပြည်သူတွေဆီ သတင်းစကား ပါးလိုက်တယ်။ ငါတို့ဟာ ကိုယ့်ရဲ့နယ်နိမိတ်တွေကို လုံခြုံအောင် ကာကွယ်ဖို့နဲ့ ပြည်သူတွေကို လုံခြုံရေးဆိုင်ရာ အာမခံချက်တွေပေးဖို့၊ အနာဂတ်အာမခံချက်တွေပေးဖို့အတွက် ကိုယ့်တာဝန်ကိုယ်ယူရမယ်ဆိုတဲ့ သတင်းစကားကို ကျွန်တော်တို့ လူငယ်ထုဆီကို ပါးလိုက်တယ်။ ကျွန်တော်တို့ကသိုသိပ်ဖို့လည်း လိုတယ်။ အဲဒီသတင်းစကားက အခြေခံလူထုထိ ရောက်ဖို့လည်း လိုတယ်ဆိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ကျွန်တော်တို့ သတင်းစကားပါးလိုက်တယ်။ ဆိုတော့ လူထုက သဘောပေါက်တယ် ဘာကို ရည်ရွယ်ပြီး ပြောသလဲဆိုတာ။ ဆိုတော့ အဲဒီအချိန်မှာ တိုက်ပွဲတွေကလည်းဖြစ်လာတော့ တိုက်ပွဲမဖြစ်ခင် သတင်းပို့ပြီးမှ သင်တန်းလာတက်တဲ့ လူငယ်တွေရှိတယ်။ နောက်တိုက်ပွဲဖြစ်လာတော့ တစ်ဖက်ရန်သူက ကျွန်တော်တို့ မြို့ရွာတွေကို မီးရှို့လိုက်တယ်ဆိုတော့ လူအင်အား ၈၀၀၀ လောက် ပြန်ပြီးမှ ရောက်လာခဲ့တယ်။ ဆိုတော့ လူအင်အားအနေနဲ့ပြောရင် တော်တော်လေးတော့ ကောင်းပါတယ်။ နောက် တခြားပေါ့လေ ကျွန်တော်တို့က တော်လှန်ရေးတည်ဆောက်ရင်းနဲ့ မြန်မာနိုင်ငံနေရာအနှံ့မှာက ကရင်ပြည်၊ ရှမ်းပြည်နယ်၊ ဝ ဒေသ၊ ပလောင်ဒေသ၊ ကချင်ဒေသအကုန်လုံးမှာ ဖြန့်ကြက်ပြီးမှ ကျွန်တော်တို့ အင်အားတွေ တည်ဆောက်ခဲ့တယ်။ မဟာမိတ်အင်အားတွေကိုတည်ဆောက်တယ်။ အပြန်အလှန် ကူညီတယ်။ ဆိုတော့ တိုင်းရင်းသားဒေသတွေရဲ့ အနေအထားတွေကိုရောမြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လက်တွေ့ကျကျ နားလည်သဘောပေါက်လာတယ်လို့ပြောလို့ရပါတယ်။ အင်အားအနေနဲ့တော့ မဟာမိတ်အင်အားဆိုတာလည်း အင်မတန် အရေးကြီးပါတယ်။

အေအေ အရာရှိငယ် သင်တန်းဆင်းပွဲ

ဓာတ်ပုံ ရင်းမြစ်, ‌AA Info Desk

ဓာတ်ပုံ ပုံစာ, အေအေ အရာရှိငယ် သင်တန်းဆင်းပွဲ

ဘီဘီစီ -ရက္ခိတအိပ်မက် ပြီးမြောက်တယ်ဆိုတဲ့ဟာကို အဓိပ္ပာယ်ဖွင့်မယ်ဆိုရင် သီးသန့်ဖြစ်တည်တဲ့ ရခိုင်အချုပ်အခြာအာဏာကို ပြန်ပြီးတော့ကြေညာတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ဖွင့်နိုင်လား။ ဗိုလ်ချုပ်တို့ဘက်က ဘယ်လိုရည်မှန်းထားလဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- ဒီအချိန်မှာတော့ ကျွန်တော်တို့ လွတ်လပ်ရေးကြေညာမယ်လို့ အရင်ကလည်း မပြောခဲ့ပါဘူး။ အခုလည်း ဒီလိုမျိုးကြေညာဖို့ ကျွန်တော်တို့မှာ အစီအစဉ်တော့ မရှိသေးပါဘူး။ သို့သော်လည်းပဲ မြန်မာနိုင်ငံမှာ အရင်နှစ်ပေါင်း ၇၀ အတွင်းမှာ ဗမာစစ်တပ်က ဦးဆောင်ပြီးမှ တခြားသော ပုံမှန်ယူဆထားတဲ့လမ်းကြောင်းအတိုင်း သွားရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ အတိုင်းအတာကို မပြည့်မီဘူးဆိုတာကိုတော့ ကျွန်တော်တို့ သိထားတယ်။ အဲဒါကြောင့်မို့လို့လည်း အရင် ကျွန်တော့်ကို မေးတဲ့အချိန်တိုင်းမှာလည်း ကျွန်တော် ပြန်ဖြေဖူးပါတယ်။ ကျွန်တော်တို့ကတော့ အတူတကွ စည်းစည်းလုံးလုံး အနာဂတ်ကို တည်ဆောက်ချင်တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့လိုချင်တဲ့ ကျွန်တော်တို့ရသင့်တဲ့အတိုင်းအတာကို မရဘူးဆိုရင်တော့ တခြားသော စဉ်းစားမှုတွေလည်း ရှိလာနိုင်တယ်ပေါ့။ ကျွန်တော်တို့ကတော့ ဒီဟာတွေကို ပါးစပ်နဲ့ပြောနေတာထက် ကျွန်တော်တို့ရဲ့ အခြေခံအင်အားတွေကိုအကောင်းဆုံးတည်ဆောက်ပြီး ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ကျွန်တော်တို့ အခြေအနေအချိန်အခါကို ကြည့်ပြီးမှ သေသေချာချာ လက်တွေ့ကျကျ ဆွေးနွေးဆောင်ရွက်သွားဖို့အတွက် စဉ်းစားထားပါတယ်။

ဘီဘီစီ - ခုနက ဗိုလ်ချုပ်ပြောသွားတဲ့အထဲမှာလည်း ပါတယ်။ ရက္ခိုင့်တပ်တော်ရဲ့ စစ်ရေးအရ ပါဝင်ပတ်သက်မှု၊ပူးပေါင်းဆောင်ရွက်မှုတွေက ရခိုင်ထဲမှာပဲ ကန့်သတ်ထားတာ မဟုတ်ဘူး။ ရှမ်းမြောက်ဒေသတွေမှာ၊ မြန်မာနိုင်ငံမြောက်ပိုင်းမှာ၊ ကရင်ထဲမှာ ပါတယ်ဆိုတော့ နိုင်ငံရေးအရ ဒီရက္ခိတလမ်းစဉ်ဆိုတာ ရခိုင်အတွက်သီးသန့်လို့ကျွန်တော်တို့ ပြောရမလား။ ဒါမှမဟုတ် အနာဂတ်မြန်မာနိုင်ငံကို ထုဆစ်ပုံဖော်တဲ့အခါမှာ ရက္ခိတလမ်းစဉ်ကအံဝင်ခွင်ကျနဲ့ တစ်ဆက်တစ်စပ်တည်းဖြစ်တယ်လို့ ပြောနိုင်လား။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- ကျွန်တော်တို့က ရက္ခိတလမ်းစဉ် ရခိုင်အမျိုးသားတော်လှန်ရေးဆိုပေမဲ့ ကမ္ဘာကြီးရဲ့ အခြေအနေတွေအရ ဒီကိစ္စတွေက သီးခြားခွဲပြီးမှ ဖော်ပြရတဲ့ဟာ ရှိမယ်၊ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဖိနှိပ်ခံတိုင်းရင်းသားညီအစ်ကိုတွေနဲ့ ကျွန်တော်တို့ ကံတရားဟာ အကုန်လုံး အပြန်အလှန် ဆက်စပ်နေပါတယ်။ကျွန်တော်တို့က ရခိုင် တစ်ခုတည်းအတွက် ရခိုင်အမျိုးသားတော်လှန်ရေး ရခိုင်တစ်ခုတည်းအတွက်ဆိုပြီးမှ သီခြား ကွက်လုပ်လို့တော့ မရပါဘူး။ ကျွန်တော်တို့မှာ ရခိုင်အမျိုးသားရေးဆိုင်ရာ ရက္ခိတအိပ်မက် ဆိုတာရှိပေမဲ့ ဒီဘက်မှာ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအစ်ကိုတွေ၊ နောက်ပြီးမှ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ နေထိုင်ကြတဲ့ ဗမာအမျိုးသားတွေပေါ့။ စစ်အာဏာရှင်အောက်မှာ ဒုက္ခခံနေရတဲ့ ဗမာအမျိုးသားတွေအတွက်ရော ကျွန်တော်တို့ကကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီးမှ အလုပ်လုပ်ဖို့လိုတယ်ဆိုတာကို ကျွန်တော်တို့ ကြိုးစားရင်းနဲ့ ပိုပြီးလက်တွေ့ကျကျ နားလည်လာတယ်။ ဒါကြောင့် ကျွန်တော်တို့က ရခိုင်ဒေသတစ်ခုတည်းကို ကွက်ပြီးမှ စဉ်းစားနေလို့တော့ မရဘူး။ ကျွန်တော်တို့ ရက္ခိတလမ်းစဉ်က ရက္ခိတလမ်းစဉ်ရည်မှန်းချက်နဲ့ ကျွန်တော်တို့ စတင်ခဲ့တာ ဖြစ်တယ်။နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ရက္ခိတလမ်းစဉ်နဲ့ ဆက်စပ်ပြီးမှ လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ လူမျိုးပေါင်းစုံ ကြီးငယ်မခွဲခြားဘဲ တန်းတူမျှတစွာ အခွင့်အရေးတွေ ရရှိရေး၊ နောက် လူမျိုးစုအလိုက်ပေါ့လေ အကုန်လုံးစည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းဖို့ လိုတယ်။ အဲဒီလို ငြိမ်းချမ်းပြီးမှပဲ တိုးတက်မယ်။ ဒါကတော့ လူမျိုးစုအလိုက်ကျွန်တော်ပြောတာ ဖြစ်တယ်။ နောက်တစ်ခုကတော့ နိုင်ငံသားတိုင်းပေါ့။ တချို့ကတော့ တိုင်းရင်းသားစာရင်းမှာမပါတဲ့ နိုင်ငံသားတွေလည်း ရှိတယ်။ ဆိုတော့ ဒီနိုင်ငံသားတွေ အတွက်လည်းပဲ သူ့ရဲ့ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးနဲ့ တာဝန်ဆိုတာကို ပိုပြီးမှ ပီပြင်အောင် အဓိပ္ပာယ်ဖွင့်ဆိုပြီးမှ ဒီဟာတွေကို စနစ်တကျနဲ့ တည်ဆောက်ပြီး အားလုံးအတွက် ကောင်းတဲ့အနာဂတ်ကို ကျွန်တော်တို့ ပုံဖော်ရမယ်လို့ နားလည်ထားပါတယ်။

ဘီဘီစီ -အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာတုန်းကတော့ အစိုးရနဲ့ AA နဲ့ကြားမှာ ဆက်ဆံရေးက အဖုအထစ်ပုံစံမျိုး ရှိခဲ့တယ်။ ပြီးတော့ အဲဒီအချိန်မှာလည်း တစ်ကျော့ပြန်စစ်ပွဲအကြီးအကျယ် ပြန်ဖြစ်နေတဲ့အချိန်။ အခု အာဏာသိမ်းလွန်ကာလမှာ NLD ကနေ တစ်ဆင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နာမည်နဲ့ တော်လှန်ရေးအစိုးရ ပေါ် လာတယ်ဆိုတော့ လက်ရှိ NUG နဲ့ ကြားမှာ ဆက်ဆံရေး အခြေအနေကကော ဘယ်လိုရှိလဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအဝိုင်းအဝန်းထဲမှာ အရေးကြီးတဲ့ Stakeholder (သက်ဆိုင်သည့်အဖွဲ့) အနေနဲ့ ဘယ်သူ့ကိုဘယ်လို ဆက်ဆံရမယ်ဆိုတာကိုတော့ ကျွန်တော်တို့ ကောင်းကောင်း နားလည်ပါတယ်။ အရေးကြီးတဲ့ အသိုင်းအဝိုင်းဆိုရင် အရေးကြီးသလိုမျိုး။ ပြီးတော့ ကျွန်တော်တို့ အရင်တုန်းကတော့ ရန်သူလိုမျိုး၊ အဖုအထစ်မကဘူးပေါ့နော် ရန်သူလိုမျိုးဖြစ်ခဲ့ပေမဲ့ အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွေဆိုတာလည်း မရှိနိုင်ပါဘူး။ ကျွန်တော်တို့က အမြဲတမ်းမိတ်ဆွေတွေကို စိတ်စေတနာအမှန်နဲ့ ရှာဖွေပါတယ်။ တိုင်းပြည်အတွက်အရေးကြီးတဲ့ လူတွေကို ကျွန်တော်တို့က တိုင်းပြည်အကျိုးကို ရှေးရှုပြီးမှ ကူညီသင့်တာ ကူညီမယ်၊ လုပ်သင့်တာကိုလုပ်မယ်ဆိုတဲ့ သဘောထား ရှိပါတယ်။

ဘီဘီစီ - စစ်ရေးအခြေအနေကိုပြန်ကြည့်မယ်ဆိုရင် ရှမ်းမြောက်မှာတော့ တရုတ်ရဲ့ကြားဝင်မှု ပေါ်လာတယ်။ သူတို့ရဲ့ရပ်တည်မှုကတော့ စစ်ပွဲကို ငြိမ်ချင်တယ်။ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ် ရချင်တယ်ဆိုတဲ့သဘောထားမျိုးရှိတယ်။ ရခိုင်မှာရော တိုက်ပွဲတွေရပ်ပါ ဆိုပြီးတော့ တရုတ်ဘက်က ပြောလာတာမျိုး ရှိနေပြီလား။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် - ဒီလိုမေးခွန်းကိုတော့ ဒီလိုမျိုး တဲ့တိုးကြီးဖြေတာထက် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ပြည်သူတွေအတွက် အကုန်လုံးလွတ်မြောက်ဖို့အတွက် ပြည်သူတွေမှာ တော်လှန်ရေးတစ်ရပ် ဆင်နွှဲဖို့လိုတယ်။ ဒါ မြန်မာနိုင်ငံသားတွေအတွက် လုပ်ကိုလုပ်ရမယ့်အလုပ် ဖြစ်တယ်။ တစ်ပြိုင်တည်းမှာပဲ ကျွန်တော်တို့ အိမ်နီးနားချင်း အင်အားကြီးနိုင်ငံတွေက သူ့ရဲ့စီမံကိန်းတွေနဲ့ အနာဂတ်လုံခြုံရေးအတွက် ဒီတိုက်ပွဲတွေကို ရပ်စဲပြီးမှ တည်ငြိမ်မှုတွေကို လိုချင်တယ်ပေါ့။ ဒါကတော့ သူတို့ဘက်က လိုအပ်ချက် ဖြစ်တယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေအနေနဲ့ ဆိုရင်တော့ ဒီစစ်အာဏာရှင်အောက်က လွတ်မြောက်ပြီးမှပဲ ကျွန်တော်တို့ပြည်သူတွေရဲ့ကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်နိုင်မယ့်၊ ငြိမ်းချမ်းနိုင်မယ့် အနေအထားရှိတယ်။ ဆိုတော့ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တရုတ်မြန်မာနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကျတော့ တရုတ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေးအတွက်တိုက်ရိုက်သက်ရောက်မှုလည်း ရှိနေတယ်။ အဲဒီအချိန်မှာ သူတို့ဘက်ကလည်း ဖိဖိစီးစီးနဲ့ ပြင်းပြင်းထန်ထန်ပြောဆိုတာတွေတော့ ရှိတာပေါ့။ ဒါကတော့ ကျွန်တော်တို့ နားလည်ပါတယ်။ သူ့ရဲ့ နိုင်ငံသားတွေရဲ့ အကျိုး၊ လုံခြုံရေးနဲ့ နိုင်ငံအကျိုးစီးပွားနဲ့ အရမ်းနီးကပ်နေတယ်။ သူကတော့ တစ်ပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းသွားဖို့တော့ လိုချင်မှာပဲ။ သို့သော် ကျွန်တော်တို့ကလည်း ကိုယ့်တိုင်းပြည်အတွက် ကိုယ့်မှာလိုအပ်တဲ့အလုပ်ကို လုပ်သင့်တဲ့ပုံစံမျိုးနဲ့ သူများတွေနဲ့ ထိပ်တိုက်မတိုးအောင်၊ ကိုယ့်အလုပ်လည်း ပြီးမြောက်အောင်လို့ နည်းလမ်းတွေရှာပြီးမှ ကြိုးစားရတာပေါ့ဗျာ။