ရွေးကောက်ပွဲ မဲလက်မှတ်မှာ နှင်းဆီပါတီကို မဲပေးရင် ပယ်မဲဖြစ်မယ်

No caption

ဓာတ်ပုံ ရင်းမြစ်, UDP

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ဆန္ဒမဲလက်မှတ်မှာ နှင်းဆီပါတီ လို့ခေါ်တဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီကို ဖော်ပြထားပေမဲ့ အဲ့ဒီကိုယ်စားလှယ်လောင်းကို မဲပေးခွင့်မရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကအောက်တိုဘာလ ၂၀ ရက်နေ့ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဲ့ဒီလို ကြေညာရတာဟာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ညီညွတ်သောဒီမို ကရက်တစ်ပါတီကို ကော်မရှင်က ဖျက်သိမ်းပြီးဖြစ်ပြီး ဆန္ဒမဲလက်မှတ်တွေကို ပြန်သိမ်းပြီး ထပ်မံရိုက်နှပ်ဖို့ မဖြစ်နိုင်သလို အဲ့ဒီ ပယ်ဖျက်ပြီး ပါတီကိုယ်စားလှယ်လောင်းတွေ ရဲ့ အမည်ပါတဲ့ ဆန္ဒမဲကို မင်နီတားပြီး ပယ်ဖျက်ရေး လုပ်ဖို့ကလည်း အချိန်မလုံလောက်တာ‌‌ကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဆန္ဒမဲ မှာပါရှိနေတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စားလှယ်လောင်းများကို မဲပေးလို့ မရကြောင်း သူတို့ကို ဆန္ဒပြုပါက ပယ်မဲအဖြစ် သတ်မှတ်ခံရမယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

၁၉၉၀ နောက်ပိုင်းကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာတော့ အခုလို ပယ်မဲသတ်မှတ်တာဟာ ထူးခြားချက် ဖြစ်ပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, STM

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းခဲ့ပြီး ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပါဝင်တဲ့ ဆန္ဒမဲ လက်မှတ်တွေနဲ့ စပ်လျဉ်းပြီး အောက်တိုဘာ ၂၀ ရက်နေ့ မှာ အခုလို အသိပေးကြေညာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ရွေးကောက်ပွဲမှာ နှင်းဆီပါတီလို့လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDPဟာ နိုင်ငံတစ်ဝန်း မှာ ကိုယ်စားလှယ် ၁၁၃၀ ဦးနဲ့ ဒုတိယအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ထောင်ပြေးမှုနဲ့ အဖမ်းခံထားရပြီး တရားမဝင်ငွေကြေးပိုင်ဆိုင်မှုကြောင့် နိုင်ငံရေးပါတီအဖြစ်ကနေ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၇ ရက်နေ့မှာ ဖျက်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းခံလိုက်ရတဲ့ နှင်းဆီပါတီခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို လွန်ခဲ့တဲ့ ၂၁ နှစ်က ထောင်ပြေးမှုအတွက် မန္တလေး ချမ်းအေးသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ် ၂၂၄ နဲ့ အောက်တိုဘာ ၂၀မှာ စွဲချက် တင်ခဲ့ပါတယ်။

နှင်းဆီပါတီ (UDP)ဟာ အစိုးရအာဏာကို လိုချင်လို့‌ ‌ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တာမဟုတ်ဘဲ လူထုအာဏာသာ လိုချင်လို့ ပြိုင်တာဆိုတဲ့ ပါတီရည်ရွယ်ချက်တွေကို ကြိုက်နှစ်သက်လို့ ပါတီဝင်ခဲ့ခြင်း ဖြစ်တယ်လို့ ဒီနေ့ မန္တလေး တရားရုံးကို လာရောက်ခဲ့တဲ့ ဦးသက်ဦး( အုတ်တွင်းမြို့နယ်) က ဘီဘီစီကို ပြောပါတယ်။