သွေးကွက်တွေစွန်းသွားတဲ့ စာသင်ကျောင်း

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေး
သွပ်မိုးတွေ လန်ထွက်နေပြီး ၊ အပေါက်တွေ ဖြစ်နေတဲ့ ကျည်ဆံရာတွေကြားမှာ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဆိုတဲ့ ခေါင်းစည်းစာတန်းလေးရေးထားတဲ့ စာသင်ကျောင်းရဲ့ မြင်ကွင်းကို ဓာတ်ပုံတွေမှာ တွေ့ရတာပါ။
စာသင်ခန်း အဝင်အဝကစလို့ ကလေးစီးဖိနပ်လေးတွေ၊ စာသင်ခုံတွေ၊ ပြန့်ကြဲနေတဲ့ စာအုပ်တွေ၊ လွယ်အိတ်လေးတွေ၊ ကျောပိုးအိတ်လေးတွေကို ဟိုနေရာ ဒီနေရာမှာ တွေ့ရသလို ၊ သွေးကွက်တွေနဲ့ ကြမ်းပြင်တွေ၊ အသားအစလေးတွေကပ်နေတဲ့ ပန်ကာတွေနဲ့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း မြင်ကွင်းက မြင်ရသူတိုင်းကို ရင့်နင့်စေပါတယ်။
ဒါတွေကတော့ လက်ယက်ကုန်းရွာကို စက်တင်ဘာ ၁၆ ရက်က စစ်ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခံရအပြီး လူမှုကွန်ရက် ဓာတ်ပုံတွေမှာ တွေ့လိုက်ရတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။
ဓာတ်ပုံတစ်ပုံမှာဆိုရင် အရိုးစလေး နှစ်စကိုတောင် တွေ့လိုက်ရပါတယ်။
အဲ့ဒီမှာသေဆုံးသူဟာ ကလေး ၇ ယောက်နဲ့ လူကြီး ၆ ယောက် စုစုပေါင်း ၁၃ ယောက် ၊ လက်ရှိအချိန်အထိ အဖမ်းဆီးခံထားရသူ ကလေးနဲ့ ဆရာ၊ဆရာမ ၁၅ ယောက်ရှိတယ်လို့ ဆိုပါတယ်။
“ စစ်သားတွေ သူတို့အချင်းချင်းပြောနေကြတယ်။ ခုတ်ရာတခြား ထစ်ရာတခြားဖြစ်ပြီတဲ့“ အဲ့ဒီနေရာမှာရှိနေခဲ့ ဒေါ်မာမာ ( အမည်လွှဲပြောင်း) က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေး
အဲဒီနေ့က ဘာတွေဖြစ်ခဲ့ကြသလဲ

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေး
ဒေါ်မာမာဟာ အဲဒီနေ့က စာသင်ခန်းထဲမှာ ကလေးတွေနဲ့အတူတူ ရှိနေခဲ့သူဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အလယ်တန်းကလေးတွေကို နေ့လယ် ၁၂ နာရီမှာ စာစသင်တာဖြစ်ပြီး မူလတန်းကလေးတွေကိုတော့ နေ့လယ် ၁ နာရီမှာ သင်တာဖြစ်တဲ့အတွက် ကျောင်းသား အယောက် ၂၀၀ လောက်ဟာ စာသင်ခန်းတွေထဲမှာ ရှိနေခဲ့ကြပါတယ်၊
နေ့လယ် ၁ နာရီဝန်းကျင်မှာ ဝေဟင်ကနေ လာမယ်လို့ သတင်းကြားတာကြောင့် ဒေါ်မာမာတစ်ယောက် ကလေးတွေကို ဘေးလွတ်မယ်လို့ ထင်ရတဲ့ နေရာကိုပြောင်းနေတုန်းမှာပဲ လေယာဉ်သံတွေနဲ့အတူ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရပါတော့တယ်။
အဲ့ဒီအချိန်မှာ ဆရာတစ်ယောက်က လက်နက်ကြီးကျည်စ ထိမှန်ထားသလို စာသင်ခန်းရဲ့ တခြားနေရာတွေကလည်း ဘယ်သူထိနေပြီ၊ ဒဏ်ရာတွေရနေပြီဆိုတဲ့အသံတွေ ဆက်တိုက်ကြားလာရပါတော့တယ်။
ဒေါ်မာမာရဲ့ သားသမီး ၃ ယောက်ကလည်း ဒီကျောင်းမှာ မူလတန်း ကျောင်းတက်နေတာဖြစ်ပြီး သူတို့တွေရဲ့ စာသင်ခန်းတွေမှာ ရှိနေကြတာပါ။ သူက အလယ်တန်းကလေးတွေနဲ့အတူ ရှိနေတာဖြစ်ပြီး သားတွေ ၊ သမီးတွေအတွက်လည်း စိတ်ပူနေရပါတယ်။
“ တစ်နာရီလောက်ကို ဆက်တိုက် အငြိုးကြီးကြီးနဲ့ကိုပစ်တာ၊ ကျောင်းဆောင်တွေဘက်ကိုပဲပစ်တာ၊ လက်နက်ကြီးနဲ့လည်းပစ်တယ်၊ စက်သေနတ်တွေနဲ့လည်း တရစပ်ပစ်တယ်။ ကျမက အလယ်တန်းအဆောင်ဘက်မှာဆိုတော့ မူလတန်းဆောင်ဘက်ကို သွားမရဘူး။ မူလတန်းဆောင်မှာ ဘာတွေဖြစ်နေလဲ မသိရဘူး။ မူလတန်းဆောင်ကို အသားကုန်ပစ်တာ။ ပစ်ချင်တိုင်း ပစ်ပြီးတဲ့အချိန်ကျတော့ စစ်သားတွေဝင်လာတယ်“
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်လာချိန်မှာ အကုန်လုံးကို ထွက်ခဲ့ဖို့၊ ခေါင်းငုံ့ပြီးနေဖို့ အမိန့်ပေးပါတော့တယ်။ အဲ့ဒီအချိန်မှာ မူလတန်းအဆောင်ဘက်က ကလေးတွေ ဒဏ်ရာတွေနဲ့ ထွက်လာကြတာကို တွေ့လိုက်ရပါတယ်။
“ ထွက်လာတဲ့ကလေးတွေကလေ တချို့ဆို ခြေထောက်မပါတော့ဘူး။ တချို့ဆို သွေးတွေ ဗရပွနဲ့၊ အဲ့ချိန်ကျမှ သားနဲ့ သမီး နှစ်ယောက်ကို တွေ့တယ်၊ သားတစ်ယောက်ကို မတွေ့သေးဘူး။ သားလေးက အနားရောက်လာပြီး မေမေ အထဲမှာ သေနေတာအများကြီးပဲတဲ့။ သားညီဝမ်းကွဲလေးရောတဲ့။ သမီးကလည်း အထဲမှာ အူပွင့်သွားတဲ့သူတွေရော ၊ ခေါင်းမရှိတော့တဲ့သူတွေရော မေမေတဲ့“
သားနဲ့သမီးဆီက ဒီလိုစကားတွေကြားရတဲ့အခါ ဒေါ်မာမာတစ်ယောက် အရိပ်အခြည်ကြည့်ပြီး စကားပြောလို့ရနိုင်လောက်မယ့် စစ်သားတစ်ယောက်ကို ကလေးတွေကို ပြုစုခွင့်၊ ကုသခွင့်ပေးဖို့ ခွင့်တောင်းလိုက်ပါတယ်။
စစ်သားက ဘယ်မှာလဲ ဒဏ်ရာရတဲ့ကလေးတွေ အကုန်ထွက်ခဲ့လို့ ပြောတဲ့အချိန်မှာ မူလတန်းအဆောင်ဘက်က ဒဏ်ရာတွေကိုယ်စီနဲ့ ကလေးတွေ အယောက် ၃၀ လောက် ထွက်လာပါတော့တယ်။ အဲ့ဒီအချိန်မှာ ကလေးအမေတစ်ယောက်က အရဲစွန့်ပြီး သူ့ရဲ့သားကို ခေါ်ခွင့်ပြုဖို့ စစ်သားတွေဆီ တောင်းပန်နေပါတယ်။ ဒါပေမဲ့ လုံးခွင့်မပြုပေးခဲ့ဘဲ ငုံ့နေဖို့နဲ့ အဲ့လိုမနေရင် ပစ်သတ်မယ်ဆိုတဲ့ ခြိမ်းခြောက်စကားကိုပဲ ရခဲ့ကြပါတယ်။
အဲ့အချိန်မှာပဲ မူလတန်းဆောင်ထဲကနေ မေမေရေဆိုတဲ့ အသံတစ်သံကို ကလေးမိခင်ရော ဒေါ်မာမာရော အဲ့ဒီ စစ်သားတွေရော ကြားလိုက်ကြပါတယ်။ ကလေးမိခင်ကလည်း အထဲပြေးဝင်ပြီး သားဖြစ်သူကို ခေါ်လာချိန်မှာ ဒေါ်မာမာ မြင်လိုက်ရတာတွေကို ရှိုက်သံတစ်ဝက်နဲ့ ပြန်ပြောပြတာက
“ကလေးလေးက လက်လည်းမရှိတော့ဘူး။ ယောက်ျားအင်္ဂါလည်းဘာမှမရှိတော့ဘူး၊ ကလေးက စကားပြောနိုင်သေးတယ်။ နာလှပါပြီမေမေရဲ့ သားကို သတ်လိုက်ပါတော့တဲ့“
အဲ့ဒါနဲ့ သူက အဆောင်ထဲက ကျန်တဲ့ကလေးတွေကို သွားကြည့်ခွင့်တောင်းတော့” မကြည့်ရဘူးတဲ့ ၊ အဲ့ဒါ နင်တို့ ပီဒီအက်ဖ်တွေ လုပ်လို့ဖြစ်တာတဲ့။ ငါတို့လုပ်တာမဟုတ်ဘူးတဲ့၊ ငါတို့ကြောင့်မို့လို့ မပြောနဲ့တဲ့၊ ပီဒီအက်ဖ်တွေလုပ်တာတဲ့”
ဒဏ်ရာရတဲ့ကလေးတွေကို စစ်ကောင်စီတပ်မှာပါတဲ့ဆေးအဖွဲ့က ကုသပေးတာတွေ လုပ်ပေမဲ့ ဒဏ်ရာပြင်းတာ၊ သွေးထွက်လွန်တာတွေ ရှိနေခဲ့တာပါ။ ဒါ့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခေါ်သွားမယ့်အကြောင်း ပြောပါတော့တယ်။
ကလေးအလောင်းတွေကို စစ်ကောင်စီတပ်တွေ အကုန်သယ်သွား

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေး
ကလေးတွေကို ဆေးကုခေါ်သွားဖို့ ရွာထဲက ကားမောင်းတတ်သူ နှစ်ယောက်ကို ခေါ်ပြီး ရွာထဲက ကားနှစ်စီးပေါ်တင်ချိန်မှာပဲ ခုနက လက်ပြတ်ပြီး ယောက်ျားအင်္ဂါမရှိတော့တဲ့ ကလေးက အသက်ဆုံးရှုံးသွားပါတယ်။ မိခင်ဖြစ်သူနဲ့ ဒေါ်မာမာတို့က စစ်ကောင်စီတပ်တွေကို အလောင်းပြန်ပေးဖို့ တောင်းတဲ့အခါ
“ ကျမတို့တွေ ရှိခိုးပြီးလည်းတောင်းတယ်။ လုံးဝပြန်မပေးဘူး။ အတည်မပြုရသေးလို့တဲ့၊ ဒါက ရှင်မှာတဲ့။ ကျမတို့က ဒီကလေး သေပါပြီဆရာရယ်၊ ကျမတို့ကိုပေးပါ၊ ကျမတို့လက်နဲ့ပဲ သင်္ဂြိုဟ်ပါရစေလို့ပြောတာ လုံးဝမပေးဘူး။“
ဒဏ်ရာရထားတဲ့ ကလေးတွေနဲ့ ဆရာ၊ ဆရာမ ၁၇ ယောက်ကိုခေါ်ပြီး ကားပေါ်တက်ခိုင်းချိန်မှာ ကျောင်းဝင်းထဲမှာရှိတဲ့ ဒေါ်မာမာအပါဝင် ကလေးတွေကို ခေါင်းငုံ့ခိုင်းထားပါတယ်။ ဒေါ်မာမာတစ်ယောက် ချောင်းကြည့်မိလို့ မြင်လိုက်ရတာက
“ ကျောင်းအဆောင်ထဲမှာ သေသွားတဲ့ကလေးတွေကို အကုန်ပီနံအိတ်နဲ့ထုတ်ပြီးသယ်သွားတာ ၊ ဘာမှ မချန်ခဲ့ဘူး၊ သူတို့ပါးစပ်က ပြောသွားတာကြားလိုက်တယ်၊ ခုတ်ရာတခြား ထစ်ရာတစ်ခြားဖြစ်ပြီတဲ့၊ ပီဒီအက်ဖ်တွေရှိနေတယ်လို့ သတင်းပေးတာတဲ့၊ ကလေးတွေ ရှိနေမှန်းမသိဘူးလို့ သူတို့ပါးစပ်က ပြောတာပဲ၊ ပြီးတော့ သူတို့က တောင်းပန်ပါတယ်တဲ့၊ ကျမလည်း သူတို့လုပ်သလိုလုပ်ပြီးမှ ပြန်တောင်းပန်ချင်တယ်”
လက်ယက်ကုန်းကနေ ထွက်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ ၁၇ ရက်မနက်ပိုင်းက ရေဦးသုသာန်မှာ ကလေးအလောင်း ၆ လောင်းကို သင်္ဂြိုဟ်သွားတယ်လို့ ရေဦးဒေသခံတွေဆီကနေ သိရပါတယ်။
“ လက်နက်ကြီးကျည်ထိပြီး ပွဲချင်းပြီးဆုံးတာက ၄ ယောက်၊ စစ်တပ်ကခေါ်သွားပြီး ဆုံးတာက ၂ ယောက်“လို့ ဒေါ်မာမာက ပြောပါတယ်။
အလောင်းပြန်ရလိုက်တဲ့ အရပ်သား ၇ ယောက်ရှိ

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေး
စစ်ကောင်စီတပ်တွေက လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ စာသင်ကျောင်းကို ပစ်ခတ်ချိန်မှာ စာသင်ကျောင်းဝန်းကျင်နားမှာ ဖခင်နဲ့အတူ ငါးဖမ်းနေတဲ့ အသက် ၇ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်လည်း ကျည်ထိမှန်ပြီး သေဆုံးသွားပါတယ်။
လေကြောင်းကနေ တိုက်လေယာဉ်နဲ့ပစ်ခတ်သလို ရဟတ်ယာဉ်နဲ့ စစ်အင်အားတွေ ချခဲ့ကြတာပါ။ အဲ့ဒီစစ်ကောင်စီတပ်တွေက ကျောင်းကို ဝင်စီးနေချိန်မှာ ရဟတ်ယာဉ်နောက်တစ်စီးနဲ့ နောက်ထပ်အင်အားတွေ ချခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒုတိယအကြိမ်မှာ ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာထဲကနေထွက်ပြေးလာတဲ့ အရပ်သားတွေကို ဖမ်းဆီးပြီး သတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
“ ဖမ်းပြီးမှ ခေါင်းတွေချည်းပစ်သတ်သွားတာ၊ ကျောင်းထဲရောက်နေတဲ့ အဖွဲ့ကတော့ တောင်းပန်တယ်တဲ့၊ နောက်အဖွဲ့ကတော့ ကြောက်လို့ထွက်ပြေးတဲ့သူတွေကို သတ်ပစ်တယ်၊ အိမ်တွေထဲက ရွှေတွေ၊ တန်ဖိုးရှိတာတွေကို ယူသွားကြတယ်“ လို့ ဒေါ်မာမာက ပြောပါတယ်။
ကျန်ခဲ့တဲ့ကလေးတွေမှာ စိတ်ဒဏ်ရာတွေနဲ့ကြောက်လန့်နေ

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေး
ဒေါ်မာမာတို့ ကျောင်းကို စစ်ကောင်စီတပ်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်မှာ ကျောင်းသားတွေနဲ့အတူ တခြားနေရာမှာ ရွှေ့ပြောင်းနေကြရပါတယ်။ ညဘက် အတူတူတချို့ ကျောင်းသားလေးတွေနဲ့ စုပြီးအိပ်ချိန်မှာ ကလေးတွေဟာ ညဘက် အိပ်မပျော်နိုင်ကြဘဲ သူတို့မြင်ခဲ့ရတဲ့ မြင်ကွင်းတွေကို ပြန်မြင်နေကြရတယ်လို့ ဒေါ်မာမာက ပြောပြပါတယ်။
အနီးစပ်ဆုံး သူ့သားသမီးတွေမှာတောင် ဒီလိုရင်ဆိုင်နေကြရပါတယ်။
“တစ်ယောက်မှ မအိပ်နိုင်ကြဘူး။ အကုန် လန့်နေကြတာ၊ ကျမသားသမီးတွေရှေ့တင် ဖြစ်သွားကြတာ၊ မျက်လုံးပွင့်တဲ့ ကလေးရော၊ ဗိုက်ထိတဲ့ကလေးရောက ကျမသမီးကြီးရှေ့မှာ ဖြစ်သွားတာ၊ မျက်လုံးခိုက်မိတဲ့ကလေးက သမီးကို လာဖက်တယ်တဲ့ မမ သားသားနာတယ်လို့ လာပြောတာတဲ့။ သူ့သူငယ်ချင်းရဲ့ ညီမလေးလည်း အူတွေပွ့င်ထွက်သွားတာ မျက်စိထဲမြင်နေတယ်တဲ့ “
ကလေးတစ်ယောက် ပျောက်ဆုံးနေ
လက်ယက်ကုန်းကျေးရွာကို ကျောင်းသွားတက်တဲ့ ညောင်ဇီးကုန်းကျေးရွာက မူလတန်းကျောင်းသူတစ်ယောက်လည်း ပျောက်ဆုံးနေတာကြောင့် တွေ့ခဲ့ရင် အကြောင်းကြားပေးဖို့ မိဘဆွေမျိုးတွေက လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။
အဲ့ဒီနေ့မှာ ပုံမှန်အတိုင်း နေ့လယ် ၁၂ နာရီ ၄၅ မိနစ်မှာ ကျောင်းကိုထွက်သွားခဲ့တာပါ။ ကလေးကျောင်းကို ထွက်သွားပြီး မကြာခင်မှာပဲ လေကြောင်းကနေ စာသင်ကျောင်းကို ပစ်ခတ်တာ၊ ရွာထဲကို စစ်ကြောင်းထိုးနေတာကြောင့် မိဘတွေသွားခေါ်လို့မရခဲ့ကြပါဘူး။ အခြေအနေတွေ ငြိမ်တဲ့အထိ ကလေးက အိမ်ပြန်မလာသလို သတင်းလည်း မကြားတာ ဒီနေ့ဆို ၃ ရက်နီးပါးဖြစ်နေပါပြီ။
“ သေဆုံးတဲ့အထဲလည်း ပါမပါ မသိရဘူး။ စစ်တပ်ကခေါ်ပြီး ရေဦးဆေးရုံမှာ ကလေးတွေကို ပို့ထားတယ်ပြောလို့ ဆေးရုံရှေ့မှာစောင့်နေတာ၊ ဝင်တွေ့ခွင့်လည်းမရဘူး။ ကလေးအဲ့မှာ ရှိလားမရှိလားလည်း မသိရဘူး“လို့ ကလေးရဲ့ ဆွေမျိုးဖြစ်သူတစ်ယောက်က ပြောပါတယ်။
ပီဒီအက်ဖ်တွေက လူသားတံတိုင်းလုပ်ပြီးပစ်ခတ်လို့ အရပ်သားတွေ သေဆုံးထိခိုက်တာလို့ စစ်ကောင်စီထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, - ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေး
စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့အထဲမှာတော့ လက်ယက်ကုန်းရွာမှာ PDF တွေရှိနေတယ်လို့ သတင်းရတာကြောင့် လေကြောင်းနဲ့ အလစ်အငိုက်ယူပြီး ပစ်ခတ်ခဲ့တဲ့အကြောင်း၊ PDF တွေက လူသားတံတိုင်းလုပ်ပြီး ပြန်ပစ်တာကြောင့် အပြန်လှန်ပစ်ခတ်တာတွေဖြစ်ခဲ့ပြီး အရပ်သားတွေ ထိခိုက်သေဆုံးတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကျောင်းသားကလေးငယ်တွေ သေဆုံးတာနဲ့ပတ်သက်လို့တော့ မပါပါဘူး။
ထုတ်ပြန်ချက်မှာပါတဲ့အချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်မာမာဦးက ပြောင်းပြန်ယူဖို့သာ မှတ်ချက်ပေးပါတယ်။ ဘာ့ကြောင့်ဆိုတော့ ခိုးဆိုးလုယက်တာ၊ ဓားပြတိုက်တာတွေကြောင့် ကျေးရွာလုံခြုံရေးအဖွဲ့ ဖွဲ့ထားတာသာရှိပြီး ဘယ်ပီဒီအက်ဖ်မှ မရှိဘူးလို့ ဆိုပါတယ်။
“ ညဘက်က သူခိုးရန်၊ ဓားပြရန်ကို ကြောက်လို့မို့ ကင်းစောင့်တာရှိပါတယ်။ ပီဒီအက်ဖ်ဆိုတာ သူတို့ဘာသာသူတို့ ဘယ်လိုဖြစ်ပြီး ပီဒီအက်ဖ်လို့ စွတ်စွဲပြီး ပစ်တာလဲ မသိတော့ပါဘူး“လို့ ပြောပါတယ်။
ဒီလို လေကြောင်းကနေ ပစ်ခတ်တာအပြင် ကျေးရွာကို ဝင်ရောက်စီးနင်းချိန်မှာ လက်ယက်ကုန်းရွာနဲ့ စာသင်ကျောင်းဟာ စစ်မြေပြင်လို ဖြစ်နေမလားဆိုတဲ့ မေးခွန်းကို သူလက်မခံပါဘူး။
“ စစ်မြေပြင်ထက် ဆိုးတာပါ။ စစ်မြေပြင်ဆိုတာက တစ်ဖက်နဲ့တစ်ဖက် ပစ်ကြတာ၊ အခုက စစ်မြေပြင်မဟုတ်ဘူး။ ကျမတို့က ဘာမှ ပစ်စရာမရှိဘူး ၊ ပစ်တာမရှိဘူး။တစ်ဖက်သတ်ခံရတာ“ လို့ ဒေါ်မာမာက ပြောပါတယ်။
အခုဖြစ်ရပ်ဟာ စစ်ကောင်စီရဲ့ အဆိုးရွားဆုံး စစ်ရာဇဝတ်မှုဖြစ်တဲ့အကြောင်း၊ ပြီးခဲ့တဲ့ နှစ်ရက်က ကုလသမဂ္ဂအချက်လက်စုဆောင်းရေး ယန္တရားက တင်ပြသွားတဲ့အချက်မှာလည်း ဒီအချက်ကို ဦးတည်ဖော်ပြနေပြီး စစ်ကောင်စီကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ဆိုတဲ့အဆင့်ကို ရောက်ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးမောင်မျိုးမင်းက ပြောပါတယ်။
ပျော်စရာဖြစ်ခဲ့တဲ့ကျောင်းလေး

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေး
ဘုန်းကြီးကျောင်းဝန်းထဲမှာ တွဲလျက်က်ရှိနေတဲ့ ကျောင်းလေးမှာ နေ့ဘက်ဆို မူလတန်းနဲ့ အလယ်တန်းကို သင်ပြီး ညဘက်မှာ အထက်တန်းတွေကို သင်ပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းကိုလည်း စည်းကမ်းတကျနဲ့ အမှိုက်ကင်းစင်နေအောင်၊ စည်းကမ်းကျနအောင် သင်ကြားပြသပေးနေတာကြောင့် တခြားကျေးရွာတွေကတောင် အားကျနေကြရတယ်လို့ ပြောပါတယ်။
“ ကလေးတွေက ပျော်နေကြတာ၊ တက်ကြွကြတယ်၊ စည်းလုံးကြတယ်၊အရမ်းမျှော်လင့်ထားကြတာ၊ ကလေးတွေကို ပြောထားတာ စုံညီပွဲတော်နဲ့ ဆုပေးပွဲလုပ်မယ်လို့၊ ကလေးတွေက အရမ်းပျော်ပြီး သူ့ထက်ငါ ကြိုးစားထားကြတာ၊ ကျမ တအားနှမြောတယ်၊ တအားနှမြောတယ်၊ ဘာမှ ရစရာမရှိတော့ဘူး “ လို့ ဒေါ်မာမာက ပြောပြပါတယ်။
အခုချိန်မှာတော့ ကျောင်းစာသင်ခန်းလေးကို ဒေါ်မာမာတစ်ယောက် ထပ်သွားကြည်ချိန်မှာတော့ တစ်ချိန်က စာအော်ဆိုနေကြတဲ့ စာသင်ခန်း ကြမ်းပြင်တွေမှာ ၊ စာသင်ခုံတွေမှာ သွေးစက်တွေ၊ သွေးကွက်တွေပဲ ရှိနေပါတော့တယ်။ တချို့ မျက်နှာက်နဲ့ ပန်ကာတွေမှာဆို အသားစလေးတွေနဲ့ ဆံပင်လေးတွေက သွေးတွေနဲ့အတူ ကပ်ငြိနေတုန်းပါ။ ကျောင်းခေါင်မိုးကတော့ ကျည်ပေါက်ရာတွေ၊ လက်နက်ကြီး ပေါက်ကွဲဒဏ်တွေကြောင့် ပျက်စီးနေတယ်လို့ ပြောပြလာပါတယ်။
“ ကျမတို့လို ဒီလိုအဖြစ်ဆိုးမျိုးတွေ တခြားကျောင်းတွေမှာလည်း မဖြစ်စေချင်ပါဘူး။ နိုင်ငံတကာကလည်း စိုးရိမ်နေတာနဲ့မပြီးဘဲ ကျမတို့ ဒီလိုအခြေအနေကနေ လွတ်မြောက်အောင် ထိထိရောက်ရောက် ကူညီပေးစေချင်ပါတယ်“လို့သာ ဒေါ်မာမာက ပြောပါတယ်။