ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားမှုပေးဖို့ ဝ တပ်ဖွဲ့မျှော်လင့်နေတယ်လို့ပြော

FPNCC က အဖွဲ့ဝင်တွေ အားလုံးကို ပါဝင်ဆွေးနွေးခွင့်ပြုမှ ပိုထိရောက်တဲ့ဆွေးနွေးမှုတွေဖြစ်နိုင်ပြီး အဲဒီလို လုပ်ဆောင်နိုင်ဖို့ကိုလည်း မျှော်လင့်

ဓာတ်ပုံ ရင်းမြစ်, Ye Aung Thu

ဓာတ်ပုံ ပုံစာ, FPNCC က အဖွဲ့ဝင်တွေ အားလုံးကို ပါဝင်ဆွေးနွေးခွင့်ပြုမှ ပိုထိရောက်တဲ့ဆွေးနွေးမှုတွေဖြစ်နိုင်ပြီး အဲဒီလို လုပ်ဆောင်နိုင်ဖို့ကိုလည်း မျှော်လင့်

ဝ ဒေသကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖို့ ဖိတ်ခေါ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားမှုတွေပေးဖို့ကိုလည်းမျှော်လင့်နေတယ်လို့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ဘီဘီစီကို လူမှုကွန်ရက်က တဆင့်ပြောဆိုပါတယ်။

ဝ တပ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားတာ ကြာပြီဖြစ်ပြီး၊ ကိုဗစ်ကာလ ရောက်ရှိနေတာကြောင့် မလာနိုင်သေးတာလို့ အဖွဲ့အနေနဲ့ သိရှိထားတယ်လို့လည်း ဦးညီရန်းက ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သတ်တဲ့ ဆောင်ရွက်မှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားတာဖြစ်ပြီး၊ ဘယ်လိုညွှန်ကြားမှုမျိုးတွေ ဆိုတာကိုတော့ ဦးညီရန်းက အတိအကျဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၅ နှစ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဝ တပ်ဖွဲ့က ခပ်ခွာခွာနေနေခဲ့တဲ့လို့ ဆိုတဲ့အပေါ် ဝ တပ်ဖွဲ့ရဲ့ တုံ့ပြန်မှုကိုမေးမြန်းရာမှာ အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။

ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ ပတ်သတ်ရင် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ကော်မတီ FPNCC က အဖွဲ့ဝင်တွေ အားလုံးကို ပါဝင်ဆွေးနွေးခွင့်ပြုမှ ပိုထိရောက်တဲ့ဆွေးနွေးမှုတွေဖြစ်နိုင်ပြီး အဲဒီလို လုပ်ဆောင်နိုင်ဖို့ကိုလည်း မျှော်လင့်နေတယ်လို့ လာမယ့် ၅ နှစ်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ဝ တပ်ဖွဲ့ရဲ့သဘောထားကို ဦးညီရန်းက ဘီဘီစီကိုပြောခဲ့ပါတယ်။

FPNCC ကိုတော့ ဝ တပ်ဖွဲ့ UWSA က ဦးဆောင်ပြီး၊ ကချင် KIO၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရခိုင် AA၊ မိုင်းလား MNDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ပါဝင်တာဖြစ်ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ စီးပွားရေး၊ ပညာရေး၊ ဆေးကုသရေး၊ ကျန်းမာရေးလုပ်ငန်းစဉ်တွေ တိုးတက်ဖော်ဆောင်ဖို့ လူနေမှုအဆင့်အတန်းတွေ မြှင့်တင်ဖို့ကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရတဲ့ NLD အစိုးရနဲ့အတူတူပူးပေါင်းလုပ်မယ်လို့ လည်း ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီက ပြီးခဲ့တဲ တပတ်ကထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအဖွဲ့အားလုံးကလည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဘဘောတူစာချုပ် NCA ကို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

အဲဒီထဲမှာမှ ဝ တပ်ဖွဲ့ UWSA ကတော့ စစ်အစိုးရလက်ထက် ၁၉၉၃-၁၉၉၄ ခန့်က နှစ်ဘက် သဘောတူထားတဲ့ စာချုပ်အရ နယ်မြေသတ်မှတ်မှု၊ ကိုယ်ပိုင်ဒေသစီမံခန့်ခွဲမှုတွေအရ လက်ရှိ အချိန်အထိ ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။

"NCA ထိုးဖို့တိုက်တွန်းတာ အခုမှမဟုတ်ပါဘူး။ အရင်ကတည်းကပါ။ ဒီကိစ္စနဲ့ ပတ်သတ်ရင်တော့ ကောင်းမွန်တဲ့တွေ့ဆုံဆွေးနွေးမှုတွေ လိုအပ်တာပေါ့"

ဓာတ်ပုံ ရင်းမြစ်, Ye Aung Thu

ဓာတ်ပုံ ပုံစာ, "NCA ထိုးဖို့တိုက်တွန်းတာ အခုမှမဟုတ်ပါဘူး။ အရင်ကတည်းကပါ။ ဒီကိစ္စနဲ့ ပတ်သတ်ရင်တော့ ကောင်းမွန်တဲ့တွေ့ဆုံဆွေးနွေးမှုတွေ လိုအပ်တာပေါ့"

အဲဒီသဘောတူညီချက်တွေကို အစိုးရသစ်နဲ့ ပြန်လည်အတည်ပြု ညှိနှိုင်းဖို့ ပြင်ဆင်တာမျိုးရှိ မရှိ မေးမြန်းမှုကိုတော့ ပြန်လည်ဖြေကြားတာမရှိပါဘူး။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မှာ ဝ တပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သူ ဦးညီကပ်နဲ့ တွေ့ဆုံစဉ် NCA လက်မှတ်ထိုးဖို့ ပြောဆိုခဲ့ပါသေးတယ်။

အဲဒီအပေါ်ကိုတော့ ဦးညီရမ်းက "NCA ထိုးဖို့တိုက်တွန်းတာ အခုမှမဟုတ်ပါဘူး။ အရင်ကတည်းကပါ။ ဒီကိစ္စနဲ့ ပတ်သတ်ရင်တော့ ကောင်းမွန်တဲ့တွေ့ဆုံဆွေးနွေးမှုတွေ လိုအပ်တာပေါ့" လို့ ပြန်လည်ဖြေကြားပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ကျော်ထဲမှာ ဝ တပ်ဖွဲ့က လက်နက်အင်အား၊ လူအင်အားအပြင် စီးပွားရေးအင်အားအတောင့်တင်းဆုံး အဖွဲ့လည်းဖြစ်ပါတယ်။