Got a TV Licence?

You need one to watch live TV on any channel or device, and BBC programmes on iPlayer. It’s the law.

Find out more
I don’t have a TV Licence.

သတင်း တိုက်ရိုက် ပေးပို့ချက်

time_stated_uk

  1. မုံရွာမှာ သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်းခံရလို့ လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရ၊ ၄ဦးစိုးရိမ်ရ

    မုံရွာမြို့ ထန်းတောရပ် ဘုရားနီလမ်းမမှာ ပင်မသပိတ်စစ်ကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြားတင်းမာ မှုဖြစ် ခဲ့ပြီးတဲ့နောက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဖြိုခွင်းခံရတာကြောင့် ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး လေးဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဆန္ဒပြရာမှာပါဝင်ခဲ့သူတွေက ပြောပါတယ်။

    ဒဏ်ရာရသူတွေထဲမှာ ခါးဒဏ်ရာရသူ အမျိုးသမီးကြီးတစ်ဦး၊ ခေါင်းဒဏ်ရာရသူ အမျိုးသား ၂ ဦးနဲ့ ရင်ဘတ်ဒဏ်ရာရသူ မိန်းကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    ဖြိုခွင်းမှုအပြီးမှာ ဆန္ဒပြသူလို့ ယူဆရတဲ့ လဲကျနေတဲ့လူနှစ်ယောက်ကို လုံထိန်းတွေက ရဲအချုပ်ကားပေါ် ဆွဲတင်သွားတဲ့ဗီဒီယိုတစ်ခုလည်း လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေပါတယ်။

    Monywa Strike
    Monywa Strike
  2. ရန်ကုန်တက္ကသိုလ်က ဆရာဒေါက်တာအာကာမိုးသူအဖမ်းခံရ

    ဒီနေ့ မနက် ၈ နာရီခွဲဝန်းကျင် တက္ကသိုလ်ပညာရေးဝန်ထမ်း CDM သပိတ်စစ်ကြောင်း ဟာ ပါရမီလမ်းပေါ်က MICT Park ရှေ့မှာ ဆန္ဒပြဖို့ လူစုနေတုန်းမှာပဲ ဒေါက်တာအာကာမိုးသူကို သေနတ်နဲ့ ချိန်ပြီး ဖမ်းဆီးသွားတယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ကျောင်းသားထုအခွင့်အရေးတာဝန်ခံက ဘီဘီစီကိုပြောပါတယ်။ "လူစုနေတဲ့အချိန်မှာ ရဲတွေက အရပ်ဝတ်နဲ့ ပြီးတော့ အိမ်ကားတွေနဲ့ရောက်လာပြီးတော့ ဆရာအာကာမိုးသူကို သေနတ်နဲ့ ချိန်ပြီးတော့ ဖမ်းသွားတာဗျ။ လာကတည်းက သူ့တစ်ယောက်ထဲကိုပဲ ဦးတည်ပြီး လာဖမ်းတယ်" လို့ ဆိုပါတယ်။ ဒေါက်တာအာကာမိုးသူကိုဖမ်းဆီးသွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ သပိတ်စစ်ကြောင်းကိုလည်း အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ လက်ရှိအခြေအနေထိ သူ့ကို ဘယ်ကိုဖမ်းသွားကြောင်း တိတိကျကျမသိရသေးဘဲ ကျောင်းအုပ်ချုပ်ရေးအဖွဲ့၊ ရှေ့နေတွေနဲ့ပါ ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒေါက်တာအာကာမိုးသူဟာ တက္ကသိုလ်ဆရာဆရာမများကိုယ်စားပြုကော်မတီရဲ့ မူဝါဒရေးရာတာဝန်ခံအဖြစ် ဆောင်ရွက်နေတာသာမက CDM ပညာရေးဝန်ထမ်းထောက်ပံ့ရေးအတွက်ပါ လုပ်ဆောင်နေတာပါ။

  3. ပဲခူးနဲ့ လှည်းကူးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆက်လက်ဆန္ဒထုတ်ဖော်

    ဆန္ဒပြလူထုကို အင်အားသုံးဖြိုခွဲတာတွေဆက်တိုက်လုပ်နေပေမယ့် ပဲခူးမြို့နဲ့ ရန်ကုန်က လှည်းကူးမြို့နယ်တို့မှာ ဒီကနေ့တောင်သူလယ်သမားနေ့မှာ လူအင်အားအမြောက်အမြားနဲ့ ဆက်လက်ဆန္ဒထုတ်ဖော်နေပါတယ်။ အဲဒီလိုဆန္ဒဖော်ထုတ်ရာမှာ အစိုးရဝန်ထမ်းအချို့နဲ့ ပြည်သူတွေ ပါဝင်တာကိုတွေ့ရပါတယ်။

    ပဲခူးမှာတော့ ရဲနဲ့ စစ်ကားတွေအမြောက်အမြား ချထားတာတွေ့ရပြီး ဂိတ်တွေကိုလည်း ပိတ်ထားတာတွေ့ရပါတယ်။

    Yangon
    Bago
    Yangon
  4. မြန်မာမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး လုပ်ဆောင်ဖို့ နိုင်ငံတကာကို ယူကေ နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

    မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုတွေကို ဆက်လုပ်နေပြီး လူထုကရွေးချယ်ထားတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အမှုတွေ ရင်ဆိုင်ရကြောင်း ဒါကြောင့် အကြမ်းဖက်မှုတွေကို ရပ်ဖို့ ၊ မတရားဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့နဲ့ ရွေးကောက်ခံ အစိုးရကို ပြန်လည်တင်မြှောက်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်ကြရမယ်လို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဒေါမနစ် ရပ်ဘ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

    View more on twitter
  5. မြိတ်မြို့က အိမ်တစ်အိမ်ကို ဝင်ရှာဖွေပြီး ငွေတွေယူသွား

    မြိတ်မြို့ရွှေပြည်တန်ရပ်သုခ (၅) လမ်းကအိမ်တစ်အိမ်ကို နေ့လယ်ပိုင်းက စစ်သားနဲ့ ရဲ တပ်ဖွဲ့ဝင်၂၀ ခန့် ဝင်ရောက်စီးနင်းရှာဖွေပြီး ပိုက်ဆံအိတ်နှစ်အိတ်နဲ့ အတူ ငွေသား ၄သိန်းကို ယူသွားတယ်လို့ အိမ်ရှင် အမျိုးသမီးက ပြောပါတယ်။

    အိမ်ကို အိမ် ရှင်က မဖွင့်ပေးတဲ့ အတွက် အိမ်ထဲကို ရိုက်ဖျက်ဝင်ပြီး ကိုယ်ဝန်သည် အိမ်ရှင်အမျိုးသမီးနဲ့ အမျိုးသားကို ရိုက်နှက်ခဲ့တယ်လို့အရိုက်ခံရတဲ့ ကိုယ်ဝန်သည် အမျိုးသမီးက ပြောပါတယ်။

    ဘာကြောင့် နေအိမ်ထဲကို ဝင်ရောက်ခဲ့တယ်ဆိုတာကို မသိရပေမဲ့ ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် တချို့နေရာတွေမှာ လမ်းတွေကို ရပ်ကွက်နေသူတွေက ပိတ်ထားကြတယ်လို့ သိရပါတယ်။

    မြိတ်မြို့က အိမ်တစ်အိမ်ကို ဝင်ရှာဖွေပြီး ငွေတွေယူသွား
  6. ဦးဝင်းတင် ဖောင်ဒေးရှင်းအနီးက အိမ်ကို လာရောက်ရှာဖွေ၊ လူစုရုံးမှုကြောင့် သေနတ်ပစ်ဖောက် ရှင်းလင်း

    ပုဇွန်တောင်မြို့နယ် လမ်း၅၀ကဦးဝင်းတင်ဖောင်ဒေးရှင်းကို ဒီညနေ ဝင်စီးခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမဲ့ ဖောင်ဒေးရှင်းကို ဝင်စီးနင်းတာ မဟုတ်ဘဲ ဘေးအိမ်မှာနေတဲ့ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ယောက်ကို လာဖမ်းတာလို့ ရပ်ကွက်နေသူတွေထံက သိရပါတယ်။

    လာရောက်ရှာဖွေခံရသူ အိမ်မှာမရှိဘဲရပ်ကွက်ကလူတွေ ဝိုင်းလာလို့သေနတ် ၄ ချက် ဖောက်ပြီး ရဲတပ်ဖွဲ့က ပြန်ထွက်သွားတယ်လို့ ရပ်ကွက်နေသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ဦးဝင်းတင် ဖောင်ဒေးရှင်းအနီးက အိမ်ကို လာရောက်ရှာဖွေ၊ လူစုရုံးမှုကြောင့် သေနတ်ပစ်ဖောက် ရှင်းလင်း
  7. စစ်ကောင်စီကို အကြမ်းဖက် အုပ်စုလို့ CRPH ကြေညာ

    အာဏာသိမ်းရယူထားတဲ့ စစ်ကောင်စီက ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်ခြင်းအပါအဝင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပါ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့အတွက် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ကြေညာလိုက်ပါတယ်။

    စစ်ကောင်စီကို အကြမ်းဖက် အုပ်စုလို့ CRPH ကြေညာ
  8. ထားဝယ်မြို့မရဲစခန်းမှာ သေဆုံးသူရဲ့ ရုပ်အလောင်း ပြန်ထုတ်ပေး

    မနေ့က ဖေဖော်ဝါရီ ၂၈ရက်မှာ ထားဝယ်မြို့မရဲစခန်းမှာ ကွယ်လွန်သွားခဲ့သူ အမျိုးသားရဲ့ရုပ်အလောင်းကို မိသားစုထံပြန်ပေးဖို့ လူအင်အား ၆၀ကျော် ဝန်းရံတောင်းဆိုမှ ထုတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    "ထားဝယ်က နာရေးကူညီမှုကားတွေ တန်းစီ အလံဖြူထောင်ပြီး သွားကြတယ်။ မိသားစုတွေ၊ ရပ်မိရပ်ဖတွေ ပြည်သူတွေ အင်အားပြတောင်းဆိုမှ နေ့လယ် ၁နာရီခွဲကျော်မှ စစ်ဆေးရုံကနေ အလောင်းထုတ်ပေးတယ်။ ကျွန်တော်တို့ကို တခုခုလုပ်မှာကလည်း လန့်ရတယ်။ အလောင်းပြန်ရဖို့ တော်တော်ကြိုးစားခဲ့ရတာ" လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    သေဆုံးသူမှာ ထားဝယ်မြို့ပေါ်ရပ်ကွက်က ဦးသန်းဝင်းဆိုသူ ဖြစ်ပြီး လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေစလုပ်ခဲ့တဲ့နေ့ကစပြီး နေ့စဉ်ဆန္ဒပြခဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

    ထားဝယ်မြို့မရဲစခန်းမှာ သေဆုံးသူရဲ့ ရုပ်အလောင်း ပြန်ထုတ်ပေး
  9. ဖေဖော်ဝါရီ ၂၈ မန္တလေးပစ်ခတ်မှုက ဒဏ်ရာ ပြင်းထန်သူကို ခွဲစိတ်ကုသ

    မန္တလေးမှာ မနေ့ကပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေထဲက ဒဏ်ရာ ပြင်းထန်သူ တစ်ယောက်ကို ခွဲစိတ်ဆရာဝန်တွေက ဒီနေ့ မတ်လ ၁ ရက်နေ့မှာ ခွဲစိတ်ကုသ ပေးခဲ့ရပါတယ်။

    လူနာဟာ ဝမ်းဗိုက်ရဲ့ ဘယ်ဘက်ခြမ်းကနေ ကျည်ဝင်ခဲ့ပြီး နောက်ဘက်မှာ ကျည်ထွက် ဒဏ်ရာရှိတယ်လို့ ကုသပေးရတဲ့ ဆရာဝန် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    အခုအချိန်မှာတော့ လူနာရဲ့ကျန်းမာရေးအခြေအနေက တည်တည်ငြိမ်ငြိမ်ရှိတယ်လို့ သိရပါတယ်။

    သူတို့ CDM ဆရာဝန်တွေ စုဖွဲ့ဖွင့်ထားတဲ့ ဆေးခန်းရှိရာကို မနေ့က ပစ်ခတ်မှုတွေ နောက်ပိုင်း အသက်မပါတော့ဘဲ ရောက်လာသူ ၂ ယောက်နဲ့ နောက်ထပ် ဒဏ်ရာရသူ ၂၂ ယောက်၊ စုစုပေါင်း ၂၄ ယောက် ရောက်လာခဲ့တယ်လို့ သူက ပြောပြပါတယ်။

    မနေ့က သူတို့ဆီကို ရောက်လာတဲ့ သေဆုံးသူတွေကတော့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ အသက် ၄၁ နှစ် အရွယ် အမျိုးသား တစ်ယောက်နဲ့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာနဲ့ အသက် ၂၈ နှစ် အရွယ် အမျိုးသား တစ်ယောက်လို့ သူက အတည်ပြုပြီး ပြောပြပါတယ်။

    ကျန်သေဆုံးသူကတော့ လမ်းပေါ်မှာ အပစ်ခံရတဲ့ အသက် ၄၁ နှစ်အရွယ် မွတ်ဆလင် အမျိုးသမီးတစ်ယောက်ပါ။

    မန္တလေးမှာ ဖေဖော်ဝါရီ ၂၈ ရက်က ပစ်ခတ်မှုတွေကြောင့် သေနတ်ဒဏ်ရာနဲ့ သေဆုံးသူ ၃ ယောက်ရှိခဲ့ပါတယ်။

    ဒဏ်ရာရသူတွေအများစုက ကျည်ထိတဲ့ ဒဏ်ရာတွေဖြစ်ပြီး ၃ ယောက်က ခွဲစိတ်ကုသဖို့ လိုအပ်တဲ့အနေအထားမှာရှိလို့ စောင့်ကြည့်နေခဲ့ရတယ်၊ အခုတော့ တစ်ယောက်ကို ခွဲစိတ်ကုသ ပေးခဲ့ကြတယ်လို့ ဆရာဝန်က ဆိုပါတယ်။

    မန္တလေးနဲ့ ပတ်သက်ပြီးတခြားထပ်သိရတာကတော့ ဗြဟ္မစိုရ်ဝင်းထဲမှာ ပရဟိတ ဆရာဝန်တချို့ ဖွင့်ထားတဲ့ ဆေးခန်းကို ဒီနေ့မှာတော့ လုံခြုံရေးအရ တခြားနေရာ တစ်ခုကို ပြောင်းရွှေ့ထားတယ်ဆိုတဲ့ သတင်းပါ။

    ဗြဟ္မစိုရ်ဝင်းရှိရာ ၆၂ လမ်းပေါ်မှာ ရဲကား၊ စစ်ကားနဲ့ ရေအမြောက်တင်ကားတွေ အင်အားအတော်များများနဲ့ ရောက်ရှိနေရာယူထားတဲ့အတွက် အခုလို ဆေးခန်းကို ရွှေ့တာလို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

    Mandalay
  10. လားရှိုးမှာ ကချင်နှစ်ခြင်းကျောင်းဝင်းအတွင်း ဝင်ရောက်ဖမ်းဆီး

    လားရှိုးမြို့ ကချင်နှစ်ခြင်းကျောင်း ဝင်းတံခါးကို နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဖျက်ဆီးပြီး ဝင်ရောက်သေနတ်ပစ်​ဖောက်ကာ ဓမ္မဆရာတချို့ အပါအ၀င် ၁၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ကနဦးရရှိထားတဲ့ သတင်းတွေအရ သိရပါတယ်။

    လားရှိုးမှာ ကချင်နှစ်ခြင်းကျောင်းဝင်းအတွင်း ဝင်ရောက်ဖမ်းဆီး
  11. မကွေးမြို့က ဖမ်းဆီးခံကျောင်းသား ၁၉ ဦးပြန်လွတ်၊ ၃၄ ဦးကျန်

    မနေ့ကဖေဖော်ဝါရီ ၂၈ ရက်နေ့က မကွေးမြို့တက္ကသိုလ်ကျောင်းသားတွေသပိတ်ကနေ စုစုပေါင်း ၅၃ဦး ဖမ်းဆီး ခံခဲ့ရပြီး မတ်လ ၁ရက်၊ ဒီနေ့မှာတော့ (၁၉) ယောက်ပြန်လည်လွတ်မြောက်လာပါတယ်။

    ဖမ်းဆီးခံရသူအားလုံးကို ဒေါင်းနေချောင်းစခန်းကို ခေါ်ဆောင်သွားတာလို့ သိရပါတယ်။

    "အခုပြန်လွတ်လာတဲ့သူတွေ ပြောစကားအရ စစ်မေးတာကို အရပ်ဝတ်နဲ့ မေးတယ်။ တယောက်ချင်းစီ စစ်ဆေးပြီး ကိုယ်ရေးအကျဉ်းရယ်၊ ဘာလို့ဆန္ဒပြလဲမေးတယ်။ ရိုက်နှက်တာမျိုးတော့မရှိဘူးလို့ပြောတယ်။ လွတ်တဲ့ (၁၉)ယောက်လုံးက မကွေးတက္ကသိုလ်ကပါ။ ကျွန်တော်တို့ မကွေးဆေးက ၃ ယောက်အပါ ကျန်တဲ့သူတွေပါမလွတ်သေးတော့ စိတ်ပူနေရပါတယ်။" ဆေးတက္ကသိုလ်မကွေးကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌက ဘီဘီစီကိုပြောပါတယ်။

    မကွေးဆေးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ မကွေးနည်းပညာတက္ကသိုလ်နဲ့ AGTI မကွေးစတဲ့ ကျောင်း (၄) ကျောင်းပေါင်း သပိတ်စစ်ကြောင်းကနေ ဖမ်းဆီးခံရတာဖြစ်ပြီး ဦးဆောင်သူအများစုပါဝင်တယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံကျောင်းသားများ အချုပ်ကားပေါ် ပါသွားစဉ်
    ဖမ်းဆီးခံကျောင်းသားများ အချုပ်ကားပေါ် ပါသွားစဉ်
  12. မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းကနေ ဖမ်းခံရသူတွေထဲက (၅)ဦးကို ၅၀၅ (ခ)နဲ့ တရားစွဲဆို

    ဖေဖော်ဝါရီ ၂၇ရက်က မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းကနေ ဖမ်းဆီးခဲ့တဲ့ပြည်သူတွေထဲက (၅)ဦးဟာ ပြန်မလွတ်ပဲ ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ခံထားရတယ်လို့သိရပါတယ်။

    အမှုဖွင့်ခံရသူ (၅)ဦးအပါအဝင် အဖမ်းခံရ အယောက် (၄၀)နီးပါးကို အခုချိန်ထိ ပြန်မလွှတ်ပေး သေးဘူးလို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

    " ၂၇ ရက်က အယောက် ၃၀၀နီးပါးဖမ်းတယ်။ နောက် အမျိုးသမီးတွေပြန်လွှတ်ပေးတယ်။ အခု အယောက် ၄၀နီးပါးကျန်နေသေးတယ်။ အဲ့ ၄၀ထဲမယ် အမျိုးသမီး ၂ဦးကျန်ပြီး ကျန်တာကတော့ အမျိုးသားတွေချည်းပဲ။ ၅ယောက်ကိုတော့ ၅၀၅ ခနဲ့ အမှုဖွင့်ထားတယ်။"လို့ သူက ဆက်ပြောပါတယ်။

    ဖမ်းဆီးသွားသူတွေကို မုံရွာထောင်ကို ပေးပို့ထားတယ်လို့ သိရပြီး သူတို့တွေအတွက် မုံရွာမှာရှိတဲ့ ရှေ့နေကွန်ရက်တွေကနေ အခမဲ့လိုက်ပါဆောင်ရွက်ပေးနေတာပါ။

    Monywa
    Monywa
  13. မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ အပစ်ရပ် တစ်လတိုး

    ကိုးကန့်တပ်ဖွဲ့ MNDAA၊ တအာင်းတပ်ဖွဲ့ TNLA၊ နဲ့ ရက္ခိုင့်တပ်မတော်AA တို့ဟာ မတ်လ ၃၁ ရက်နေ့အထိ တစ်လ တစ်ဖက်သတ် အပစ်ရပ် သက်တမ်း တိုးတယ်လို့ မတ်လ ၁ ရက် ရက်စွဲနဲ့ ကြေညာပါတယ်။

  14. ကချင်သယံဇာတဝန်ကြီးကိုပုဒ်မ၅၀၅(ခ)နဲ့ တရားစွဲ

    ကချင်ပြည်နယ် သံယံဇာတ နဲ့သဘာဝပတ်ဝန်းကျင် ဝန်ကြီးဦးဒါရှီလဆိုင်းကို ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှု နဲ့ တရားစွဲဆိုထားပါတယ်။

    ဝန်ကြီးချုပ် ကိုယ်စား စာထုတ်ပြီး ကချင်ပြည်နယ်က ဝန်ထမ်းတွေကိုရုံးပိတ်ရက် သတ်မှတ်ပေးခဲ့တဲ့အပေါ် တရားစွဲဆို ခဲ့တာပါ။

    လောလောဆယ် သူ့ကို မြစ်ကြီးနားအကျဉ်းထောင်မှာထားရှိပြီး ဒီကနေ့ရုံးချိန်းကိုတော့ လက်ထိပ်ခတ်တာတွေမရှိဘူးလို့ပြောပါတယ်။

    ဒီကနေ့ မတ်လ ၁ ရက်နေ့ ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှု လုပ်ခဲ့ပါတယ်။

    ကချင်သယံဇာတဝန်ကြီးကိုပုဒ်မ၅၀၅(ခ)နဲ့ တရားစွဲ
  15. မြစ်ကြီးနားမှာ ဆိုင်ကယ်နဲ့လှည့်လည်တဲ့သပိတ်စစ်ကြောင်းကို ရဲက လေးခွနဲ့ပစ်

    မြစ်ကြီးနားမှာ မြို့ကိုဆိုင်ကယ်တွေနဲ့ပတ်ပြီး လှည့်လည်ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က လေးခွနဲ့ပစ်တာတွေရှိပြီး ရဲကားနဲ့လိုက်လံဖမ်းဆီးတာတွေလည်းလုပ်တယ်လို့ သပိတ်မှာပါဝင်သူတွေက ပြောပါတယ်။

    ‘ ‘ လေးခွနဲ့ ပစ်ခံရသူတွေထဲ တစ်ချို့ကကျောမှန်တယ်။ တချို့ကတော့ ခေါင်းမှန်တာတွေရှိပေမဲ့ ထိခိုက်ဒဏ်ရာ ရသူတွေတော့မရှိဘူး’’လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

    အရင်နေ့တွေကကတည်းက ဆန္ဒပြသူတွေကို အင်အားသုံးဖြိုခွင်းတာတွေရှိနေပေမယ့် မတ်လ ၁ ရက်နေ့မှာတော့ မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်သပိတ်စစ်ကြောင်းဆက်ရှိနေတာလည်းဖြစ်ပါတယ်။

    Myitkyina strike
  16. ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ ကျောင်းဆရာမ ဒေါ်တင်နွဲ့ရီအတွက် ဆုတောင်းခြင်းအခမ်းအနား ကျင်းပ

    မနေ့က ဖေဖော်ဝါရီ(၂၈)ရက်နေ့ ဆန္ဒထုတ်ဖေါ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ ကျောင်းဆရာမဒေါ်တင်နွဲ့ရီအတွက် ဝမ်း နည်းအောင်းမေ့ဖွယ် ဆုတောင်းခြင်းအခမ်းအနားကို မတ်လ၁ရက်နေ့မနက်ပိုင်းက ရန်ကုန်မြို့ တိုင်းပညာရေးမှူးရုံးရှေ့မှာကျင်းပခဲ့ပါတယ်။

    ဆရာမဒေါ်တင်နွဲ့ရီဟာ မနေ့က ကြည့်မြင်တိုင်ရှိ တိုင်းပညာရေးမှူး ရုံးရှေ့မှာ ဒီမိုကရေစီရရှိရေးတောင်းဆို ဆန္ဒပြနေစဉ် ရာဘာကျည်ထိမှန်ပြီးနောက် နှလုံးရောဂါအခံနဲ့သေဆုံးသွားခဲ့ရတာလို့ သိရပါတယ်။

    Yangon Strike
    Yangon Strike
  17. အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မအချို့ ထပ်တိုးစွဲဆို

    အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မူလက ပုဒ်မ ၂ခုနဲ့ စွဲဆိုထားရာက ဒီကနေ့ အွန်လိုင်းက တဆင့် ရုံးထုတ်စစ်ဆေးရာမှာတော့ နောက်ထပ်ပုဒ်မတွေထပ်တိုးတရားစွဲဆိုလိုက် တယ်လို့သိရပါတယ်။

    လက်တလောအနေနဲ့ သိရတာက ပုဒ်မ ၅၀၅(ခ) နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့နဲ့ ထပ်တိုးဖွင့်လိုက်တယ် လို့ တရားရုံးဘက်ကနေ သိရတယ်လို့ နေပြည်တော်အခြေစိုက်ဘီဘီစီသတင်းထောက်က သတင်းပေး ပို့ထားပါတယ်။

    ဒီကနေ့ မတ် ၁ ရက်နေ့မှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကိုပါ ဗီဒီယိုကွန်ဖရန်းဆင်းနဲ့ ဇဗ္ဗူသီရိတရားရုံးမှာ ရုံးထုတ်သွားတာဖြစ်တယ်လု့ိသိရပါတယ်။

    သတင်းအပြည့်အစုံ ကိုတော့ နောက်ပိုင်းထပ်မံတင်ပြပေးသွားပါမယ်။

    Daw Aung San SuuKyi
  18. ရန်ကုန် အင်းစိန်လမ်းမကြီး၊ ဘူတာရုံလမ်းမှတ်တိုင်အနီးက သပိတ်စစ်ကြောင်း ဖြိုခွဲခံရ

    ဒီကနေ့ မတ် ၁ ရက်မနက် ၁၂ နာရီဝန်းကျင်မှာ အင်းစိန်လမ်းမပေါ်ဘူတာရုံလမ်းမှတ်တိုင်အနီးက သပိတ် စစ်ကြောင်းက်ု မျက်ရည်ယိုဗုံးတွေချကာ ရဲကား ၄စီး တပြိုင်နက် ဝင်ရောက်လူစုခွဲခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက ဘီဘီစီကိုပြောပါတယ်။

    "ဒီကောင်တွေ တဖြည်းဖြည်းရှေ့တိုးလာတာ၊ ဒိုင်းတွေကာထားတယ်၊ လူလူချင်းဆိုချလို့ရတယ်။ အခုက ကား၄စီး တပြိုင်တည်း တိုးလာတာဗျ" လို့ သူကဆိုပါတယ်။

    အင်းစိန်လမ်းမပေါ် ဆင်ရေတွင်းမှတ်တိုင်မှာ ဆန္ဒပြနေရာကနေ အဆင့်ဆင့်ရှေ့တိုး ဖြိုခွဲခံလာရတာဖြစ်ပြီး နေ့လည် ၁၂၀န်းကျင်မှာ ဘူတာရုံလမ်းမှတ်တိုင်အကျော်ကိုဘရောက်ရှိလာကြတာပါ။ ရဲတပ်ဖွဲ့ဘက်က မျက်ရည်ယိုဗုံး ၁၀လုံးနီးပါးသုံးခဲ့ဖြိုခွဲခဲ့ပြီး ဆန္ဒပြ ပြည်သူတွေကတော့ ဖြိုခွဲခံရပြီးတိုင်း ပြန်စုဆန္ဒပြ နေကြပါတယ်။

    Yangon Strike
    Yangon Strike
    Yangon Strike
  19. မန္တလေးမှာ မနေ့ကပစ်ခတ်ခံရလို့ သေဆုံးသူအမျိုးသမီးရုပ်အလောင်းထုတ်မရသေး၊ ကွယ်လွန်သူမှာ ၆ နှစ်အရွယ်သားငယ်ကျန်ခဲ့

    မနေ့က မန္တလေးမှာ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားသူ ဒေါ်ပုဟာ အသက် ၃၂ နှစ်အရွယ်ရှိပြီး သူကွယ်လွန်ချိန်မှာ ၆ နှစ်အရွယ်သားတယောက်ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။

    သေဆုံးသူဟာ လမ်းဘေးမှာ လမ်းလျှောက်နေရင်းကနေ အရပ်ဝတ်နဲ့ လူတစ်ဦးက ခေါင်းကိုသေချာ ချိန်ရွယ်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့ရတာလို့ မျက်မြင်တွေ့သူအချို့ကဘီဘီစီကိုပြောပါတယ်။ နေ့လယ် ၁၁ နာရီကျော်အထိ သေဆုံးသူရုပ်အလောင်းကို မိသားစုဝင်တွေက ပြန်လည်ရရှိခြင်းမရှိသေးဘူး လို့သိရပါတယ်။

    အလားတူ မနေ့က ဖေဖော်ဝါရီ ၂၈ ရက်နေ့က မန္တလေးမှာ အမျိုးသားတစ်ဦးဟာ ဆိုင်ကယ်ရပ်ထားတုံး သေနတ်ကျည်က ဆိုင်ကယ်စီးဦးထုပ်ကိုဖောက်ပြီး ဦးခေါင်းကို ထိမှန်သွားလို့ သေဆုံးခဲ့ရပါတယ်။

    Mandalay strike
    Mandalay strike
  20. ဖေဖော်ဝါရီလအတွင်း အဖမ်းခံထားရသူ ၁၁၀၀ ကျော်ရှိတယ်လို့ AAPP ထုတ်ပြန်

    တပ်ကအာဏာရယူထားတဲ့ လေးပတ်တာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဖမ်းဆီးခံထားရသူ ၁၁၃၂ ဦးထက်မနည်းရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းAAPP ကဖေဖော်ဝါရီ ၂၈ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

    ဒါဟာ AAPP ကဆက်သွယ်အတည်ပြုနိုင်တဲ့စာရင်းသာဖြစ်ပြီး အတည်မပြုနိုင်တဲ့စာရင်းတွေအရလည်း ဖမ်းဆီးခံရသူတွေထက် ဒီထက်ပိုများပြားနိုင်တယ်လို့လည်း ပြောထားပါတယ်။ မနေ့ကတစ်ရက်တည်း မှာပဲ အဖမ်းခံရသူ ထောင်နဲ့ချီရှိခဲ့ပြီး အချို့ကိုတော့ နေ့တွင်းချင်းပြန်လွှတ်ပေး တာတွေလည်းရှိခဲ့ပါတယ်။

    ရန်ကုန်တိုင်းမှာ မနေ့က အဖမ်းခံခဲ့ရတဲ့ ဆရာ၊ဆရာမတွေနဲ့ တိုင်းရုံးက ဝန်ထမ်းအချို့အပါအဝင် ၁၀ဦးကျော် ကိုတော့ အင်းစိန်ထောင်မှာထိန်းသိမ်းထားဆဲဖြစ်ပြီးပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

    ''မနက် ၇ နာရီက ထောင်ကိုသွားတော့ ညွှန်မှူးနဲ့တွေ့လို့ သိရတာက မနေ့ညကတစ်ရက်တည်း အင်းစိန်ကို ရောက်လာတာ လူ ၅၀၀ ကျော်ရှိတယ်လို့ပြောတယ်။ အရင်ရက်တွေက အဖမ်းခံထားရတဲ့ဆရာမ ၂ယောက်ထဲက တစ်ယောက်ကတော့ပြန်လွတ်လာပြီ။ အခု ဆရာဆရာမတွေကို ရဲကစစ်ချက်ယူဦးမယ်ပြောတယ်။လွှတ်ပေးဖို့ကို တိုင်းပညာရေးရုံးကလည်း လိုက်ပြီး ဖြေရှင်းပေးပေမယ့် မနေ့ကတော့ အင်းစိန်ရောက်သွားပြီမို့ တိုင်းရဲရုံးရဲ့ ခွင့်ပြုချက်ပါမှ လွှတ်ပေးလို့ရမယ်'' လို့သိရကြောင်း ဆရာ၊ဆရာမတွေလွှတ်မြောက်ရေးအတွက် လိုက်လံကူညီပေးနေတဲ့ ဆရာမတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနေ့က ရန်ကုန်တိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဆေးကျောင်းသား ၂၀၀ကျော်ကိုတော့ မနေ့ကပဲပြန်လွှတ်ပေးခဲ့ပါ တယ်။

    Yangon Strike
စာမျက်နှာ 1 ရဲ့ 7