ဖားကန့်ဗုံးကြဲမှု လူ ၅၀ ခန့် သေဆုံးခဲ့တယ်လို့ ကေအိုင်အေ အတည်ပြု

no tag

ဓာတ်ပုံ ရင်းမြစ်, AFP

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ မနေ့က အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈နာရီခွဲခန့်က ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ် ပွဲလုပ်နေချိန်  စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့   လူ ၅၀ ခန့် သေဆုံးခဲ့ကြောင်း ကေအိုင်အေဘက်က ဘီဘီစီကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဖျော်ဖြေပွဲမှာ တက်ရောက်နေတဲ့ အနုပညာရှင်တွေအပါအဝင် အနည်းဆုံး လူ ၅၀ ခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ စုစုပေါင်း ပါက ၈၀ ကျော်ခန့်ရှိတယ်လို့ ကေအိုင်အေဘက်က ပြောပါတယ်။

 '' ဂျက်လေယာဉ် ၃ စီးနဲ့လာပစ်သွားတယ်။ KIO နေ့ အကြိုပွဲအနေနဲ့ ဆုတောင်းပွဲ ဖျော်ဖြေပွဲလုပ်နေချိန်မှာ လာပစ်တာတာပါ။ ဘာစစ်ပွဲ တိုက်ပွဲမှမရှိဘဲကို လာပစ်သွားတာ၊'' လို့ ‌ဖားကန့်ဒေသခံတစ်ဦးက ‌မနေ့ညကအခြေအနေကို ရှင်းပြပါတယ်။

 အခုလို တိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၃၀ ကျော်ခန့်ထိခိုက်ခဲ့ပြီး အဲဒီထဲမှာဆုတောင်းပွဲတက်ရောက်တဲ့ ကချင်အနုပညာရှင်အသင်းက ကချင်တေးသံရှင် အော်ရာလီ (Aurali) ဟာနေရာမှာပဲ သေဆုံးခဲ့ကြောင်း ကချင်အနုပညာရှင်အသင်း ဥက္ကဋ္ဌ(ဟောင်း) ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဇော်ဒိန် (Lahtaw Zau Ding) လည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ကချင်ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

 

ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု

 

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးရသူအရေအတွက် ဒီထက်မက များနိုင်တယ်လို့ အခမ်းအနားမှာ ရောက်ရှိနေခဲ့သူတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၂၅ရက်မှာ ကျရောက်မယ့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO တည်ထောင်ခြင်း ၆၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖျော်ဖြေပွဲ ကျင်းပနေချိန်မှာ ရုတ်တရက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တာလို့ မြေပြင်မှာရှိနေသူတွေက ပြောပါတယ်။

 ကေအိုင်အေ တပ်မဟာ ၉ အနန့်ပါ စခန်းမှာ အခမ်းအနားကျင်းပနေချိန် ရုတ်တရက် လေယာဉ်တွေနဲ့ ဗုံးကြဲတာခံရတာဖြစ်ပြီးတော့ လေယာဉ်တွေရောက်လာတာ အသံတောင် မကြားလိုက်ရကြောင်း နေရာ ၃ နေရာကို ဗုံးတွေကျ ရောက်ခဲ့တာဖြစ်ကြောင်းလည်း သူကပြောပါတယ်။

ခန်းမဆောင်မှာ တစ်ခု၊ မီးဖိုဆောင်မှာတစ်ခု၊ သူနာပြုတွေနေတဲ့ ဆေးပေးတဲ့နေရာမှာ တစ်ခု ဗုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အဲဒီအခမ်းနားမှာရှိနေသူ တစ်ဦးက ပြောပြပါတယ်။

KIO အုပ်ချုပ်နယ်မြေတွေ၊ ဗဟိုဌာနချုပ် အစိုးရရုံးတွေနဲ့ ပညာရေးကျောင်းတိုင်းမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ အလံကို တိုင်တစ်ဝက်ချကာ လွှင့်ထူထား

ဓာတ်ပုံ ရင်းမြစ်, KACHIN NEWS GROUP

ဓာတ်ပုံ ပုံစာ, KIO အုပ်ချုပ်နယ်မြေတွေ၊ ဗဟိုဌာနချုပ် အစိုးရရုံးတွေနဲ့ ပညာရေးကျောင်းတိုင်းမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ အလံကို တိုင်တစ်ဝက်ချကာ လွှင့်ထူထား

ဒီအထိမ်းအမှတ်ပွဲအတွင်းမှာရှိနေတဲ့ ကေအိုင်အိုက အကြီးတန်းအရာရှိတွေအပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေ အရပ်သားတွေ နဲ့ အနုပညာရှင်တွေပါ သေဆုံးထိခိုက်ခဲ့တာလို့ ကေအိုင်အေဘက်ကတစ်ဆင့် သိရပါတယ်။

ဒဏ်ရာရတဲ့သူတွေကို ဖားကန့်ဆေးရုံကို ပို့ဖို့အတွက် စစ်ကောင်စီတပ်စခန်းက တားမြစ်ထားကြောင်းလည်း ဆိုင်းရာ ဂိတ်ကနေ ဒဏ်ရာရသူတွေကို ဖြတ်သန်းသွားလာခွင့်မပေးဘဲ ပိတ်ထားကြောင်းလည်း ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၄ရက်ညနေပိုင်းအထိ သေဆုံးသူ အယောက် ၆၀ကျော်လာပြီလို့ ဘီဘီစီ ကဆက်သွယ်မေးမြန်းခဲ့တဲ့မျက်မြင်ရော ဒေသခံတွေကပါပြောကြပေမဲ့ ကေအိုင်အေ ‌ပြန်ကြားရေးတာဝန်ခံကတော့ သေဆုံးသူ ၅၀ ဝန်းကျင်လို့ အတည်ပြုထားပါတယ်။

သေဆုံးသူတွေထဲ ကချင်အနုပညာရှင်အသင်းက ကချင်နာမည်ကြီးအဆိုတော် အော်ရာလီအပါအဝင် သုံးဦးသေဆုံးပြီး ၉ဦးဒဏ်ရာရရှိထားတယ်လို့ အသင်းပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Google

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီတပ်တွေဟာ မနေ့ညကလည်း  တပ်မဟာ ၉ အနန့်ပါစခန်း အပါအဝင် မိုးမောက်မြို့နယ်ဘက်ကိုလည်း လေယာဥ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့မှာ မိုးမောက်မြို့နယ် လုံဂျာတောင်အနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသတွင်းသတင်းတွေအရသိရပါတယ်။

 ဖားကန့် အနန့်ပါစခန်း တိုက်ခိုက်မှုဟာ စစ်ကောင်စီအနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားကာတိုက်ခိုက်တဲ့ ပုံစံဖြစ်တာကြောင့် စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကေအိုင်အေပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုတုံ့ပြန်ပါတယ်။

ကချင်ဒေသခံတွေကတော့ ဖားကန့်မှာအရေးပါတဲ့ ကေအိုင်အေရဲ့တပ်မဟာကို တိုက်ခိုက်တာဖြစ်တာကြောင့် စစ်ရေးပိုတင်းမာလာမှာကို စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီဘက်ကတော့ ကေအိုင်အေရဲ့ တပ်မဟာ ၉နယ်မြေကို လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါပေမဲ့ စစ်ကောင်စီတပ်တွေဟာ ကေအိုင်အေ တပ်မဟာ ၉ စခန်း အပါအဝင် တပ်မဟာ ၁၅ ထိန်းချုပ်ရာ မိုးမောက်နယ်မြေကိုလည်း လေကြောင်းကတိုက်ခိုက်မှုတွေလုပ်နေပြီးတော့ ကေအိုင်အေစခန်းတွေကို တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။